ရခိုင်ရိုးမအားကျော်၍ စစ်ကောင်စီ တပ်စခန်းများကို အေအေသိမ်းယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
အာရက္ခတပ်တော် AA က ရခိုင်ရိုးမကို ကျော်ပြီး စစ်ကောင်စီရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ် ကောင်စီဘက်ကလည်း အင်အားများ ထပ်တိုးထားသည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။
AA အနေဖြင့် ရခိုင်ရိုးမကို ကျော်ပြီး စခန်းသုံးခုကို သိမ်းပိုက်ရရှိထားသည်ဟု ဇန္နဝါရီလ ၂၇ ရက်နေ့တွင် ထုတ် ပြန်သည်။
ရခိုင်ရိုးမ အထက်က စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်တွ သိမ်းနိုင်ခဲ့ပြီး ဇန္နဝါရီ လ ၂၆ ရက်နေ့တွင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းထဲက ပွိင့် ၂၆၃ စခန်းနှင့် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ပွိုင့် ၃၆၉ စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။
ရခိုင်ရိုးမ တစ်လျှောက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် စစ်တပ်ကလည်း ပဲခူးတိုင်းဖက်ကနေ AA ကို ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေသည်။
ပဲခူးတိုင်းနှင့် ရခိုင်ပြည်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းက စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီးနောက် ပဲခူးတိုင်းဘက်အခြမ်းတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်တပ်က AA ၏ ထိုးစစ်ကို ကာကွယ်ရန်အတွက် အင်အားတိုးချဲ့ထားသည်ဟု မြေပြင်သတင်း အရင်းအမြစ်များက ပြောသည်။
ပြည် – ပန်းတောင်း – တောင်ကုတ် ကားလမ်းဘေးရှိ ပုဂံကွဲကျေးရွာ အလယ်တန်းကျောင်း၌လည်း စစ်ကောင်စီ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် နှစ်ထပ်ကျောင်းဆောင် ပြိုကျပျက်စီးသွားသည်ဟု ရွာသားများက ပြောသည်။
မိုးထိတောင်စခန်းဘက်က ထွက်ပြေးလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ညောင်ဂျိုးကျေးရွာ၌ ခံစစ်ပြင်ပြီး လမ်းဘေး တလျောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည်ဟု ဆိုကြသည်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ နေ့လည်တစ်နာရီအချိန်ခန့်က AA နှင့် PDF တပ်ဖွဲ့များ ရှိသည် အထင်ဖြင့် ညောင်ဂျိုး စစ်ဆေးရေးဂိတ်ကနေ မိုးထိတောင်စခန်းကို ပစ်ခတ်ဖြိုခွင်းမှုများ လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၄၀ အရွယ် ရွာသားတစ်ဦးက ”သူတို့က မိုးထိကနေ ကြုံရာကားတွေ ချောဆွဲပြီး ဆုတ်လာတာ ညောင် ဂျိုးမှာ တစ်ခါ ခံစစ်ပြန်လုပ်တယ်။ ကပစ စစ်သားတွေကလည်း သေနတ်သံကြားကနေ ပြေးကြတာ။ ဘယ် တိုက်ချင်မလဲ သူတို့က ပညာသည်တပ်တွေပဲ ကြောက်ကြောက်နဲ့ ပစ်နေတာ ပုဂံကွဲရွာထဲ ပစ်ထည့်တာ” ဟု ပြောသည်။
ထို့အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးရွာနားတဝိုက်၊ အမ်း-ပဒါန်း ကားလမ်းမထက်တွင်လည်း ဇန္နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီ၏ အမှတ် (၉၉) လက်အောက်ခံ တပ်ရင်း ပူးပေါင်းစစ်ကြောင်းနှင့် AA တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရခိုင်ရိုးမတောင်ခြေ ညောင်ခြေထောက်ကျေးရွာနားတွင် ရှိသည့် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၆) ၌လည်း စစ်ကောင်စီတပ်က အင်အားများစုဖွဲ့နေပြီး တိုက်ပွဲဖြစ်နေသည့် နေရာများကို စစ်ကူများ ထပ်လွှတ်နေသလို ရိုးမတောထဲ၌လည်း လှည့်လည် စစ်ကြောင်း ထိုးနေသည်။