ပြည်ပရောက် လူငယ်များ ပြန်လာကာ စစ်မှုထမ်းရမည်ဟု ပအိုဝ်း ပြည်သူ့စစ်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ပရောက် လူငယ်များအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က စစ်မှုထမ်းခေါ်ယူနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ် ခဲ့သည့် အစည်းအဝေး၌ PNA အရာရှိပိုင်းများက သက်ဆိုင်ရာ ရွာသူကြီးများအား မှာကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက “အစည်းအဝေးက လာတဲ့သူနည်းလို့ သူတို့ကိုယ်တိုင် တစ်အိမ် တက် ဆင်း လိုက်ခေါ်ထားတာ။ ဘယ်သူမှ မသွားချင်ဘူး။ ကိုယ့်လူမျိုး ကိုယ်ကာကွယ်ဖို့ စစ်ထဲဝင်ရမယ်။ ဒါသမိုင်း ပေး တာဝန်ပဲလို့ ပြောတယ်။ ကျနော်တို့လည်း ဒီနောက်ပိုင်း သိနေပြီပဲ။ သူတို့ ဘာကြောင့်တိုက်လဲဆိုတာ။ အဲတော့ ဘယ်သူက ဝင်တော့မှာလဲ” ဟု ပြောသည်။
ဟိုပုံးမြို့နယ်တွင်းရှိ စစ်မှုထမ်းအကျုံးဝင် ပြည်ပရောက် အမျိုးသားများ အားလုံးကို ခေါ်ယူမည်ဖြစ်ပြီး နောက် ပိုင်းတွင် ငွေကြေးပေးဆောင်၍ လူစားထိုးခွင့် ပေးမည်ဟုလည်း PNA ပြောဆိုထားဟု ဒေသခံများက ပြောသည်။
PNA အုပ်ချုပ်ရေး အားကောင်းသည့် ဟိုပုံးမြို့နယ်တွင် ယခင်ကတည်းက စစ်မှုထမ်းမည့်သူများ အမျာအပြား ရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် ထိခိုက်သေဆုံးသူများ များလာသည်ဖြစ်ရာ ယင်းနောက်ပိုင်း၌ လူသစ်ရရှိရန် ခက်ခဲလာသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက သုံးသပ်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “PNO ပြည်သူ့စစ်ဆိုတာ လူမျိုးရေးအသုံးချပြီး အာဏာရှင်ကို ကာကွယ်ပေးနေတဲ့ လက်ပါးစေတွေ ဖြစ် တယ်။ ပအိုဝ်းလူမျိုး မဟုတ်တဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေကြတာ ဖြစ်တယ်။ ဒါကြောင့် ပအိုဝ်းလူငယ်တွေအနေနဲ့ အခြေနေမှန်ကို အမြန်ဆုံး နားလည်သဘောပေါက်ကြပါလို့ ပြောချင် တယ်” ဟု ပြောသည်။
တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲတွင် ၂၀၂၄ ခုနှစ် မေလပိုင်းကတည်းကစ၍ ပြည်ပရောက် လူငယ်များအား PNA ကစစ်မှုထမ်းလူစားထိုးစရိတ် ကောက်ခံလျက်ရှိပြီး ယခု ဟိုပုံးမြို့နယ်ကိုပါ ထပ်မံခေါ် ယူနေခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များက ကရင်နီပြည်အား အပြင်းအထန် ထိုးစစ်ဆင်နေပြီး လိုအပ်သည့် တပ်သားများအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတွင်း၌ ပေါ်တာဆွဲ ခေါ်ယူလျက်ရှိသည်။
အဆိုပါ တပ်သားသစ်များကိုလည်း တောင်ကြီးမြို့နယ်ရှိ အထူးဒေသ ၆ နှင့် ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူမျိုး အများစု နေထိုင်ရာ ကျေးရွာများတွင် စစ်သင်တန်းများပေး ၂ ပတ်ခန့်သာပေး၍ ရှေ့တန်းပို့ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။