တာချီလိတ်တွင် တဖက်ကမ်းကူးသူများအား လဝက ငွေကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။ 

ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ်၊ တာချီလိတ်မြို့တွင် တစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့သို့ ကမ်းကူးမည့် သူ များအား စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက)မှ ငွေကြေး တောင်းခံနေသည်ဟု ရွှေ့ပြောင်းလုပ်သား အချို့က ပြောသည်။

ယခု ဖေဖော်ဝါရီလအတွင်း တစ်ခါသုံး လက်မှတ်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြသူများအား စမတ်ကတ် မရှိ ဟုဆိုကာ လူတစ်ဦးလျှင် ဘတ် ၃၀၀ ကျပ်ဝန်းကျင်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

နေ့စဉ်နီးပါး ကမ်းကူးနေသူ တစ်ဦးက ၃၀၀ ဆိုတာ ပျှမ်းမျှပေါ့။ တကယ်က လူကြည့်ပြီး တောင်းတာပါ။ တချို့နည်းနည်း မသင်္ကာစရာတွေ့ရင် ၅၀၀ ပေါ့။ ၁၀၀ နဲ့ ပြီးချင်လည်း ပြီးတယ်။ အခုက ကမ်းကူးတဲ့လူ တအားများ လာတော့ သူတို့ (လဝက)အတွက်က ဂွင်တည့်နေတာ ဟု ပြောသည်။

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံတစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့သို့ ကူးသန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် (BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP)ဟူ၍ ၂ မျိုးရှိသည်။

အဆိုပါ နှစ်မျိုးအနက် TBP အမျိုးအစားမှာ တာချီလိတ်အိမ်ထောင်စု မဟုတ်သည့် မြန်မာနိုင်ငံသားများအား ဆေးကုသခွင့်နှင့် အခြားကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ပြုလုပ်ပေးခြင်း ဖြစ်သည်။

ယခင်က ယင်း TBP ပြုလုပ်ရာ၌ စမတ်ကတ်မရှိသူများအား ဘတ် ၂၀ ခန့်သာ ကောက်ခံသော်လည်း ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း စစ်မှုထမ်းဥပဒေကြောင့်  မဖြစ်မနေတိန်းရှောင်လာရသူများအပေါ် အခွင့်ကောင်းယူ၍ တိုးမြင့် ကောက်ခံလာခြင်း ဖြစ်သည်ဟု ပွဲစားလောကနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

တရားဝင်ကတော့ ကောက်ခွင့်မရှိပါဘူး။ ပြေးလာတဲ့သူတွေက မဖြစ်မနေ ကူးရမယ်ဆိုတော့ တောင်းတာ ပေါ့။ ကူးမယ့်လူတွေက ဂိတ်မှာ မှတ်ပုံတင် ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူပေါ့။ အခုကူးမယ့်သူတွေကတော့ သူတို့ မှတ်ပုံတင်တွေကို ပွဲစားက ပြန်ယူပေးမှာ။ အဲဒါကို မြန်မာလဝကတွေလည်း သိတယ်။ စားပေါက်ရလို့ မသိချင် ယောင်ဆောင်နေတာ။

တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီလနှောင်းပိုင်းကတည်းက စမတ်ကတ်များ ပြုလုပ်ပေးခဲ့သော်လည်း ပွဲစားများဖြင့် ဆောင်ရွက်မှသာ မြန်ဆန်မှုရှိပြီး ဘတ် ၇၀၀ အထိ ကုန်ကျသည်ဟု ယခင်ပြုလုပ်ခဲ့ဖူးသူများက ပြောသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်လည်း စမတ်ကတ်လဲလှယ်သူများကို ရှမ်းပြည် စုပေါင်းရုံးရှိ စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းများက လူတန်းစားအလွှာ အသီးသီးပေါ်မူတည်ပြီး ငွေကျပ် ၃ သောင်းမှ ကျပ်တစ်သိန်း အထိ တောင်းခံလျက်ရှိသည်။