လူထုကို ကာကွယ်ရန် ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေး KNDF ကြိုးပမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်။
တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများကို အကာအကွယ်ပေးနိုင်သည့် ပြည်ထောင်စု ကာကွယ်ရေးတပ် တရပ်ပေါ် ပေါက်ရေးကို ကြိုးပမ်းကြမည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောဆိုလိုက်သည်။
မေလ ၁၂ ရက်နေ့ (ယမန်နေ့) နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေးရွာ စာသင် ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး၊ ကလေးသူငယ် ၂၀ ဦး ပွဲချင်း ပြီး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပေါ် KNDF က ၎င်းတို့၏ သဘောထား ထုတ်ပြန်ချက်ထဲ တွင် ထိုသို့ ထည့်သွင်းပြောဆိုထားသည်။
KNDF က “မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြန်မာတနိုင်ငံလုံးရှိ တောလှန်ရေး ကာကွယ်ရေးတပ် များ နှင့်အတူ အရပ်သားပြည်သူနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သော အနာဂတ် ပြည် ထောင်စု ကာကွယ်ရေးတပ် တရပ်ပေါ်ပေါက်ရေးကို ကြိုးပမ်းကြရမည်ဟု တိုက်တွန်းသည်” ဟု မေလ ၁၃ ရက် (ယနေ့) ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
စစ်ကောင်စီတပ်၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပိုမိုကာကွယ်နိုင်ရန်အတွက် ပြည် ထောင်စုတပ် တရပ် ပေါ်ပေါက်လာအောင်ကြိုးစားကြရမည်ဟု KNDF က ၎င်းတို့၏ သဘောထားကို ထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ကာကွယ်ရေးတပ် တရပ်ပေါ်ပေါက်ရေးကို လုပ်ဆောင်နိုင်ရန်ကြိုးပမ်းကြရမည့် အခြားတစ် ဖက်တွင် စစ်ကောင်စီ၏ လုပ်ရပ်များကို မသိကျေးကျွန်ပြုပြီး စစ်ကောင်စီ၏ အင်အားကို အထောက်အကူ ပြုနေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ၎င်းတို့ကျူးလွန်မှုများနှင့်အတူ ထပ်တူတာဝန်ရှိကြောင်း ပြောကြား လိုပါသည်ဟု KNDF က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အပစ်ခတ်ရပ်စဲရေး ကာလများ ထုတ်ပြန်ထားသော်လည်း နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားကို နေ့စဉ်ရက်ဆက် အရပ်သား ပြည်သူများနေရာတွင် ပစ်မှတ်ထားပြီး နည်းမျိုးစုံ တိုက်ခိုက်ကျူးလွန် သတ်ဖြတ်နေသည်ကို အရေးယူရေးနှင့် စစ်လက်နက် ပစ္စည်းအထောက်အပံ့ တားဆီး ရေးများ စသည်တို့ကို ဝိုင်ဝန်းကြိုးပမ်း ဆောင်ရွက်ပေးရန် ထပ်မံတိုက်တွန်းသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေမှုများ အားလုံးကို စစ်ရာဇဝတ် ကျူးလွန်မှု ဖြစ်ရပ် သက်သေများအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများအားလုံးကို ပြင်းထန်စွာ အရေးယူနိုင်ရန်အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။