ညောင်လေးပင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ် ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိမှန်သေဆုံပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက မေလ ၁၄ ရက် (ယနေ့) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ညောင်လေးပင်ခရိုင် မုန်းမြို့နယ် (KNU အခေါ် – ကော်သူးလေး အုပ်ချုပ်နယ် မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်) အတွင်းရှိ ညောင်ပင်သာ ကျေးရွာထဲသို့ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိ သေဆုံးရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၂ နှစ် အရွယ် ဒေါ်တာ၊ အသက် ၈၀ နှစ် အရွယ် ဦးအောင်ကျော် တို့ သေဆုံးခဲ့ရပြီး မကြိုင်ဇင်သန်း နှင့် မအေးစုတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ပြောသည်။

ထို့အပြင် ဒေသခံ ကိုဘိုဘိုနှင့် ဦးအောင်ကျော်တို့၏ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့သည်ဟု KNU ၏ ထုတ်ပြန် ချက်အရ သိရသည်။