စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဘက်ပြောင်းခိုလှုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်။ 

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ  ဘက်ပြောင်းခိုလှုံလာသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ ၇ ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာခဲ့ သည်ဟု တပ်ခွဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒေါနတပ်ခွဲ ၇ မှ တာဝန်ရှိသူက သူတို့နှစ်ယောက်ထဲက လက်နက် ယူဆောင်လာတဲ့သူကို ငွေကျပ်သိန်း ၄၀ နဲ့ မပါလာတဲ့ သူကိုတော့ ဆယ်သိန်းကျပ်ကို တပ်ခွဲက အစီအစဥ်နဲ့ လက်ရှိ ချီးမြင့်ပေးထားသေးတယ် ဟု ပြော သည်။

မေလ ပထမအပတ်ထဲတွင် လက်နက်နှင့်အတူ ထွက်ပြေးလာကာ ဒေါနတပ်ရင်းဆီသို့ ဘက်ပြောင်း ခိုလှုံလာ ခြင်း ဖြစ်သည်။

ထွက်ပြေးလာသူ နှစ်ဦးမှာ ကံပေါက်ဒေသ အခြေစိုက် ခလရ ၂၇၃ တပ်ရင်း စစ်မှုထမ်း သင်တန်း အပတ်စဥ် ၈ မှ တပ်သား ကိုရန်ရှင်းနှင့် မြိတ်အခြေစိုက် ခမရ – ၁၀၁ တပ်ရင်းမှ တပ်သား ကိုသူရဝင်းတို့ ဖြစ်ကြကြောင်း မေလ ၁၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ ၇ မှ သတင်းထုတ်ပြန်ထားသည်။

ထွက်ပြေးလာသူ နှစ်ဦးအနက် တစ်ဦးသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် ၂ ခု နှင့် ကျည်ဆန် အတောင့် နှစ်ရာ ယူဆောင်လားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့၏ သဘောထားမှာ လွတ်မြောက်နယ်မြေ တစ်ခုတွင် အေးချမ်းစွာ လုပ်ကိုင်စားသောက်ချင်သောကြောင့် မိမိတို့ တပ်ရင်းမှ စီစဥ်လုပ်ကိုင်ပြီး ပို့ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ဒေါနတပ်ခွဲ ၇ မှ တာဝန်ရှိသူက ဆိုသည်။

ဘက်ပြောင်း ခိုလှုံလာသူနှစ်ဦးမှာ တနင်္သာရီတိုင်းသားများ မဟုတ်ဘဲ တစ်ဦးမှာ ခရီးသွားလာစဥ် ပဲခူးတိုင်း အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံရကာ စစ်သားစုဆောင်းခံခဲ့ရခြင်း ဖြစ်သည်။

နောက်တစ်ဦးမှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက်  ရနောင်းမြို့မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ပို့စဥ် စစ်သားစုဆောင်းခြင်းခံခဲ့ရသူ ဖြစ်သည်။