အိုးဘိုထောင်တွင် နိုင်ကျဉ်း တစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန် လ ၁၄ ရက်။ 

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှာ ဆေးကုသစရိတ် မလုံလောက်သဖြင့် သေဆုံးသွားသည်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် ရဲစခန်းတွင် ပုဒ်မ ၅၀၅-ကနှင့် ၅၀-ည တို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၁၈ နှစ် ကျခံနေသူ အသက် ၅၄ နှစ်အရွယ် ဦးမော်ထူး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်သည်။

ဆေးကုသစရိတ် မလုံလောက်သဖြင့် သေဆုံးခဲ့ရသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အဓိက ဦးမော်ထူး ဆုံးတာက ဒီငလျင်ကြောင့်မို့လို့ ထိခိုက် ဒဏ်ရာရတဲ့အခါမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတဲ့အတွက် ပြင်ပဆေးရုံမှာ ကုသမှုခံယူနေရသူ ဖြစ်ပါတယ်။ ကုသမှုကလည်း အော်ပရေးရှင်း ၂ ကြိမ်လောက်တော့ လုပ်ပြီးပါပြီ။ လည်ပင်းတွေ၊ ခေါင်းတွေ အဓိက ထိခိုက် ခဲ့တဲ့ နေရာက အန္တရာယ်များတော့ ဆေးဝါးကုသစရိတ်၊ ခွဲစိတ်စရိတ်ကအစ ကုန်ကျမှုက ထောင်တွေဖက်က တာဝန်ယူတာ မဟုတ်ဘဲနဲ့ အကျဉ်းသားတွေဖက်ကပဲ ကိုယ့်စရိတ်နဲ့ကိုယ်ကုသရတာ ဖြစ်တယ်။ အဲ့လို အခြေ အနေမျိုးမှာ အခြေခံမိသားစုကနေ အဖမ်းခံရတဲ့သူ ဖြစ်တဲ့အတွက် ဒီကုသစရိတ် ကုန်ကျမှု မခံနိုင်တဲ့အဆုံးမှာ ခုလိုမျိုး ကျဆုံးခဲ့ရတယ်လို့ပဲ ကျနော်တို့ စိတ်မကောင်းစွာနဲ့ အသိပေးချင်ပါတယ် ဟု ပြောသည်။

ထောင်တွင်း၌ ဆေးကုသစရိတ် သိန်း ၈၀ ခန့် လိုအပ်သော်လည်း လိုအပ်သည့် ပမာဏ မပြည့်မီသဖြင့် ခွဲစိတ်ကုသမှု နောက်တကြိမ် ထပ်မလုပ်နိုင်ပဲ ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ငလျင်ဘေးကြောင့် ၎င်းရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်သည်ဖြစ်ရာ ခွဲစိတ်ကုသမှု ၂ ကြိမ်ခံယူပြီး နောက်ပိုင်း တွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခြင်း မရှိဘဲ Coma (ကိုမာ) ဝင်သွားခဲ့သည်ဟုလည်း နီးစပ်သူများ က ပြောသည်။

ကျနော်တို့ ၁၃ သိန်း ၆ သောင်းအထိပဲ ကူညီမှုရခဲ့ပြီး ဒီတခုတည်းပဲ ကျနော်တို့ ကူညီနိုင်ခဲ့ပါတယ်။ ဒါဟာ သူရဲ့ Operation တချို့အတွက် အထောက်အကူ ဖြစ်ခဲ့ပေမယ့် တကယ်လုပ်ရမယ့် Operation တစ်ခုအတွက် ကျနော်တို့ ပြည့်မီတဲ့ အခြေအနေ မရခဲ့ပါဘူး။ မကူညီနိုင်ခဲ့ပါဘူး ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွင် ဇွန်လ ၁၀ ရက်နေ့၌ နိုင်ကျဉ်း ဖြစ်သူ ဦးကျော်စိုးဦးမှာ လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အိုးဘိုထောင်နှင့် သာယာဝတီ အကျဉ်းထောင်တွင် နိုင်ကျဉ်းများအား နေ့စဉ်နှင့်အမျှ ထောင်အာဏာပိုင်များက တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခြင်း၊ ဖိနှိပ်ခြင်းများ ခံနေရလေ့ ရှိသည်။

သို့ဖြစ်၍ လာမည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ၌ ကမ်ပိန်းတွင် ပါဝင်ကြမည့် နိုင်ကျဉ်းများကိုလည်း ဖိနှိပ်မှု များ ရှိလာနိုင်သဖြင့် လေ့လာစောင့်ကြည့်နေသည်ဟု PPNM တာဝန်ရှိသူများက ပြောဆိုထားသည်။