စဉ့်ကူးရှိဆေးရုံကို ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေ ၁၂ ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံသို့ မီးဖွားလာသူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဆေးကုသရန်လာသူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာ နန္ဒ ဆေးရုံ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မီးဖွားလာသူ အမျိုးသမီး ၁ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် ပြောသည်။

စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ ဇွန်လ ၂၂ ရက်နေ့ည ၁၁ နာရီ ကျော်တွင် ပေါင် ၃၀၀ ဗုံးဖြင့် တိုကခိုက်မှုကြောင့် မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာမှ ဆေးရုံသို့ မီးဖွားလာသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် ဇွန်လ ၂၃ ရက်နေ့(ယနေ့)တွင် ထုတ်ပြန်သည်။

ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ဦးထဲတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟုဆိုသည်။ သို့သော် ၁၁ ဦးမှာ မစိုးရိမ်ရပေ။ 

လူထိခိုက်သေဆုံးမှုများအပြင် ဆေးရုံသားဖွားမီးယပ်အဆောင်အပါအဝင် အဆောက်အုံ ၃ လုံးပျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် က ပြောသည်။