ချင်းမိုင်တွင် ရေကြီးရေလျှံမှုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့တော် ချင်းမိုင်တွင် ရေကြီး ရေလျှံမှုများအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။ 

အရေးပေါ် ကယ်ဆယ်ရေးအတွက် ဟယ်လီကော်ပတာ တစ်စီး၊ ရေဘေးအတွက် လူ ၂၀,၀၀၀ ခိုလှုံ နိုင်ဖို့အတွက် ယာယီ တည်းခိုနေရာ ၄၀၊ ရေထိပြီး ပျက်စီးမသွားစေရန်အတွက် ကားအစီး ၁၀,၀၀၀ အခမဲ့ ရပ်နားရန်နေရာများ ပြင်ဆင်ထားသည်ဟု ဆိုသည်။ 

အဓိက လုပ်ဆောင်ချက်များမှာ မြောင်းများ၊ မြစ်များကို ပိတ်ဆို့မှု မရှိအောင် ရှင်းလင်းထားပြီး (Mae Ping) ပင်းမြစ်က ရေတံခါးများကိုလည်း အပြည့် ဖွင့်ထားသည်ဟု ဆိုသည်။

မုန်တိုင်းဝီဖာသည် ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားနည်းသွားမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် မြောက်ပိုင်းများတွင် မုန်တိုင်း ဝိဖာက ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။ 

ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မိုးရွာသွန်းမည်ဟု ခန့်မှန်းထားသော်လည်း အထက်ပိုင်းက စီးဆင်းလာမည့် ရေများကြောင့် ၂၆ ရက်နေ့နှင့် ၂၇ ရက်များတွင်လည်း ရေကြီးရေလျှံမှုများအတွက် စိုးရိမ်ရသည်ဟု ဆိုသည်။ 

ချင်းမိုင်မြို့ မြူနီစပယ်အနေဖြင့် သဲအိတ်ပေါင်း ၄၀,၀၀၀ ကို မြို့နယ်၊ ရပ်ကွက်အလိုက် ဖြန့်ဝေထားပြီး ရေစုတ်စက် အများအပြားကိုလည်း ဖြန့်ဝေထားသည်။

စစ်ဆင်ရေး ရုံးခန်းနှင့် ဌာနပေါင်းစုံ ပူးတွဲ သတင်းဖြန့်ချီရေး  စင်တာကို ၂၄ နာရီ ဖွင့်လှစ်ထားမည်ဟု ဆိုသည်။ 

မြို့နယ် ၂၅ မြို့နယ်စလုံးသည်  လက်ရှိ လုပ်ဆောင်နေသည် စီမံခန့်ခွဲမှုအောက်တွင် လုပ်ငန်းများ လည်ပတ်နေပြီဟုလည်း ထုတ်ပြန်ထားသည်။ 

အရေးပေါ် အခြေအနေနှင့် ကြုံတွေ့ရသည့် လူများနှင့် ကယ်ဆယ်ရေးအတွက် အကူအညီ လိုအပ်တဲ့သူများအနေဖြင့် Hotline နံပါတ် 1567 ကို ခေါ်ဆိုနိုင်သည်ဟု ဆိုသည်။