ဧရာဝတီ အဆန် သင်္ဘောများ ရွှေကူမြို့နယ် ရောက်ရှိ၊ တိုက်ပွဲများ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။ 

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘော ရေယာဉ်တန်း ကချင်ပြည်၊ ရွှေကူမြို့နယ်ထဲ ရောက်ချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ရေယာဉ်တန်းမှာ ရွှေကူမြို့နယ်ထဲ ရောက်ပြီး နောက်နေ့တွင် KIA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သူတို့ရွှေကူကနေ အဲ့ဒီပတ်ဝန်းကျင် တစ်ဝိုက်က ရွာတွေကို စစ်ကြောင်း ထွက်တယ်။ ထိတွေ့တိုက်ပွဲ အနည်းငယ် ရှိတယ်ပေါ့နော်။ ရွှေကူ ငဘတ်ဝမှာ သူတို့ စစ်ကြောင်းထွက်လို့ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲရှိတယ် ဟု ပြောသည်။

မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်သင်္ဘောအစီး ၂၀ ကျော်မှ စစ်သင်္ဘော ၁၂ စီးသည် ဇူလိုင် လ ၂၆ ရက်နေ့၊ ညပိုင်းတွင် ရွှေကူမြို့သို့ ရောက်ရှိလာပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ ကျောက်ချထားသည် ဟု ဆိုသည်။

ဇူလိုင် ၂၇ ရက်နေ့တွင် စစ်သင်္ဘောအချို့မှာ အထက်သို့ ဆန်တက်ရန် ကြိုးစားလာပြီး မြေပြင်စစ်ကြောင်းကပါ တစ်ပြိုင်နက်တည်း ရွှေကူမြို့၊ မြစ်ကမ်းဘေးရှိ ကျေးရွာများထဲသို့ စစ်ကြောင်းထိုးလာခြင်းကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းသည် အင်အား ၄၀ ကျော်ရှိပြီး ငဘတ်ဝကျေးရွာတွင်တိုက်ပွဲဖြစ်ခဲ့သလို ဧရာဝတီမြစ်တစ်ဖက်ကမ်းရေလဲ၊ မိုးစစ်ကျေးရွာများတစ်ဝှိုက်တွင်လည်း စစ်ကြောင်းထိုးလာသည်ဟု ကာကွယ် ရေး တပ်ဖွဲ့ဝင်များကဆိုသည်။

ကသာမြို့မှ စစ်သင်္ဘောများ ဆန်တက်လာချိန် မိုးတားလေးတိုက်နယ်နှင့် ရွှေကူမြို့အကြားတွင် တော်လှန်ရေး အင်အားစုဘက်မှ အဆိုပါ စစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော အသေး တစ်စီး ထိမှန် ပျက်စီး ခဲ့သေးသည်။

ထို့အပြင် စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှ တစ်ဆင့် ဂျက်ဖိုက်တာ၊Y 12 အမျိုးအစား လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ရသည်။

ကသာကနေ ထွက်တော့ မိုးတားလေး အထက်ဘက်မှာ သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ရှိတာပေါ့။ အဲ့မှာ သင်္ဘောတစ်စီးက တော်တော် ထိခိုက်ပျက်ဆီးသွားတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီသင်္ဘောကို တွဲပြီး ရွှေကူထိ ဆန် သွားတယ်။ မြစ်ကမ်းတစ်လျှောက်လမ်း Y 12 တွေ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာတွေရှိတယ်။ ထိခိုက် သေဆုံး တာတွေလည်း ရှိခဲ့တယ်။ ရွှေကူမြစ်ကမ်းဘေးက ရွာတွေလည်းသေဆုံးမှု ရှိခဲ့ပါတယ်ဗျဟု အထက် ပါ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

သေဆုံးသူများသည် ကသာမြို့နယ် မြေနုကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာမှ အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းက စေတီ၊ ပုထိုးနှင့် ဆင်းတုတော်များပါ ထိမှန်ပျက်စီးခဲ့ရသည်။

စစ်သင်္ဘောများ စတင်ထွက်ခွာလာသည့် ဇူလိုင် ၁၇ ရက်နေ့တွင်လည်း လမ်းကြောင်းရှင်းသည့် အနေဖြင့် ဝက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသဖြင့် အရပ်သား ၂၂ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင် မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် တိုက်ခိုက်ရေး စစ်သင်္ဘော ၅ စီး အပါအဝင် ရေယာဥ် စုစုပေါင်း ၁၄ စီးကို စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့အရောက်တွင် ဇူလိုင်လ ၁၉ ရက်နေ့၌ တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ရာ တွဲတွန်းသင်္ဘော ရေယာဥ် အမျိုးအစား တစ်စီး နစ်မြုပ် ပျက်စီးသွားပြီး အချို့မှာ မီးလောင်မှုများ ရှိခဲ့သည်။ 

ဓာတ်ပုံ – လေကြောင်း တိုက်ခိုက်ခံရသဖြင့် ဧရာဝတီမြစ်ဘေးကျေးရွာ တစ်ရွာက မြင်တွေ့ရသည့် ပျက်စီးမှုများ