စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂ ဦး ဘက်ပြောင်း ခိုလှုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦး KNLA ထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာသည်ဟု တာဝန်ရှိသူက ပြောသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ထားဝယ် – မြိတ်သွား ကားလမ်းပေါ်ရှိ ဝင်းဝရဲစခန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ ဝင် နှစ်ဦး ဘက်ပြောင်း ခိုလှုံလာသည်ဟု ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၄) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သြဂုတ်လ ၄ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် – KNLA တပ်ရင်း ၁၂ တပ်မဟာ (၄) ထံသို့ တပ် အသက် ၂၀ အရွယ် တပ်သားဇော်ဇော် နှင့် အသက် ၄၂ နှစ်အရွယ် တပ်သား မင်းစိုးတို့ နှစ်ဦးမှာ လက်နက်များနှင့် အတူ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်သည်။
“ချိတ်ဆက်ကူညီပေးခဲ့တဲ့ တပ်သား မောင်ကျော်ကျော်ကို ငွေကျပ်သိန်း ၂၀၊ တပ်သားဇော်ဇော်နဲ့ မင်းစိုးတို့ နှစ်ဦးကို ကျပ်သိန်း ၄၀ စီ ဆုချီးမြှင့်ပေးခဲ့ပါတယ်” ဟု KNU တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က ဘက်ပြောင်းခိုလှုံလာသူ တပ်သား မောင်ကျော်ကျော် ဆိုသူ၏ ချိတ်ဆက်ကူညီမှုဖြင့် ထပ်မံဘက် ပြောင်း လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-2 သေနတ် တစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်ဆံ ၄၀၀ ပါ ယူဆောင်လာခဲ့ကြောင်း KNU တပ်မဟာ ၄ တာဝန်ရှိသူက ပြောသည်။
ဘက်ပြောင်းခိုလှုံလာသူ နှစ်ဦးသည် ခလရ ၄၀၃ တပ်ရင်းမှ ဖြစ်ကြပြီး ဝင်းဝရဲစခန်းတွင် တာဝန်ကျနေသူများ ဖြစ်ကြသည်ဟု ဆိုသည်။
ဝင်းဝစခန်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးသဖြင့် ဝင်းဝကျေးရွာထဲတွင်း တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေခြင်းနှင့် ရွာသားများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေကြောင်း KNU တပ်မဟာ ၄ တာဝန် ရှိသူက ပြောသည်။
အလင်းဝင်လိုသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ချိတ်ဆက် အကူအညီပေး နေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားသည့် မှတ်တမ်းများအရ ဇူလိုင်လအတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စစ်သားအပြင် ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၂၄၃ ဦးရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဇူလိုင်လအတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းလာသူများမှာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်၊ ရှမ်းပြည်၊ ကရင်နီပြည်၊ ရခိုင်ပြည်၊ ချင်းပြည်၊ မွန်ပြည် နှင့် ကချင်ပြည်တို့က ဖြစ်သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။