ရခိုင်တွင် အိုးအိမ်စွန့်ခွာ နေထိုင်ရသူ ၆ သိန်းကျော် အကူအညီများ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။ 

ရခိုင်ပြည်က တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများနှင့် သဘာဝဘေး အန္တရာယ်တို့ကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးနေရသူ အရေအတွက် ခြောက်သိန်းကျော်အထိ ရှိလာနေသည်ဟု အာရက္ခတပ်တော် AA က ပြောသည်။

အဆိုပါ စစ်ရှောင်များနှင့် ရေဘေးဒုက္ခကြုံနေရသူ ခြောက်သိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီ များ အရေးပေါ် လိုနေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခ က မြေပြင်မှတ်တမ်းတွေအရ ဘေးဒဏ်အမျိုးမျိုးကြောင့် အာရက္ခပြည်မှာ နေရပ်စွန့်ခွာပြည်သူ စုစုပေါင်း ခြောက် သိန်းကျော် ရှိထားပြီးတော့ အဲ့ဒီအထဲမှာ စစ်ဘေးရှောင် မိသားစုတွေနဲ့ မိုးရာသီ ရေကြီးလို့ ဒုက္ခရောက်ကြရတဲ့ မိသားစုဝင်တွေ ပါဝင်ပါတယ်။ လက်ရှိမှာ ဒုက္ခသည် အများစုဟာ အဆင်ပြေတဲ့ နေရာတွေ မှာ ခိုလှုံနေကြရပါတယ် ဟု ဩဂုတ်လ ၁၁ ရက်နေ့က လုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြော ဆိုထားသည်။

ရခိုင်ပြည်၌ ဖြစ်နေသည့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် သဘာဝဘေးဖြစ်သည့် ရေကြီးမှုကြောင့် ဒုက္ခကြုံ နေရသော ပြည်သူများဆီသို့ နိုင်ငံတကာမှ အကူအညီများ မရောက်အောင်လည်း စစ်တပ်က ပိတ်ဆို့ထားသည် ဟု ဦးခိုင်သုခက ပြောသည်။

ထို့အပြင် ရခိုင်ပြည် အလယ်ပိုင်းဒေသများတွင် စားနပ်ရိက္ခာလိုအပ်နေသည့် မိသားစု အရေအတွက်မှာ ယခုနှစ်အတွင်း ၂ ဆနီးပါး မြင့်တက်လာသည်ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အလားတူ ရခိုင်ပြည်၏ မြောက်ပိုင်းဒေသများထဲတွင် စားနပ်ရိက္ခာ မလုံလောက်သောကြောင့် အာဟာရချို့တဲ့မှု များ ပိုဖြစ်လာနိုင်ပြီး ဒေသတွင်းက ပဋိပက္ခဖြစ်ပွားမှုများကြောင့် လူထု၏ အခြေအနေက ပိုဆိုးလာနိုင်သည်ဟု WFP က ဆိုသည်။

နိုင်ငံတကာအနေဖြင့် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်သူ ခြောက်သိန်းကျော် အတွက် အကူ အညီပေးလိုပါက AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကို တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု ဦးခိုင်သုခက ပြောသည်။

တစ်ချိန်တည်းမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ပြည်ပ အဖွဲ့အစည်းရဲ့ လူသားချင်းစာနာမှု အကူအညီ တွေကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ဒုက္ခသည်တွေဟာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုမရဘဲ ဖြစ်နေ ကြရပါတယ်။ နိုင်ငံတကာနဲ့ ပြည်ပ ကူညီတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ဖွဲ့စည်းထား တဲ့ လူသားချင်းစာနာမှုနဲ့ ညှိနှိုင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO နဲ့ ချိတ်ဆက်ပြီးတော့ လူသား ချင်းစာနာမှု လုပ်ငန်းတွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ လိုအပ်ပါကြောင်း အလေး အနက် တိုက်တွန်း ပြောကြားလိုပါတယ်။

ရေဘေးသင့် ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ ဆေးဝါးနှင့် အမျိုး သမီး လစဉ်သုံး ပစ္စည်းများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

HDCO ၏ ဇူလိုင်လ ၂၂ ရက်နေ့ စာရင်းအရ ရခိုင်ပြည်ရှိ ကျေးရွာ ၉၀ မှ အိမ်ထောင်စု ၃,၄၆၁ စုက လူဦးရေ ၁၂,၂၄၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး အကူအညီများ လိုအပ်နေသည်။ 

ဤသို့ လူသားချင်းစာနာမှု အကျပ်အတည်းများ ဖြစ်နေချိန် စစ်ကော်မရှင်တပ်က AA က ထိန်းချုပ်ထားသည့် နယ်မြေများထဲသို့ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် လုပ်နေသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။