ဖားကန့်တွင် ဓါတ်ဆီဈေးတက်၊ ဆိုင်အချို့ပိတ်ထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။
ကချင်ပြည်၊ ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စက်သုံးဆီ တစ်ဂါလံကို ကျပ် ၇ သောင်းထိ ဈေးနှုန်းမြင့်တက် လာပြီး ဆိုင်အချို့ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်တပ် တကျော့ပြန် ဝင်ရောက်လာပြီး နောက်ပိုင်း ဖားကန့်မြို့သို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်း များကို ထိန်းချုပ်လာနိုင်သည်နှင့်အတူ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်လိုက် ခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “လမ်းကြောမှာက ထိန်းချုပ်မှုတွေ ရှိတာပေါ့။ SNA၊ ပြည်သူ့စစ်၊ စစ်ကောင်စီဂိတ်တွေက ထိန်းချုပ်ထားတာ ဟုတ်ပါတယ်။ ကာမိုင်း၊ လဝါး ဟိုးဘက် အင်းတော်ကြီးဒေသဘက်မှာ ဆိုရင် နန့်မွန်း တောင် လုံးတုံဂိတ်ကနေပြီးမှ တားဆီးထားတာ မှန်ပါတယ်” ဟု ပြောသည်။
ဖားကန့်မြို့ကို မေလနောက်ဆုံးပတ်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသား တပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မြို့ကို ဝင်ရောက်နိုင်သည့် လမ်းကြောင်း များကို ၎င်းတို့က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ထို့နောက် ဖားကန့်ဒေသတွင်း ကုန်စည်များ ပြတ်လပ်ခြင်း၊ စျေးတက်ခြင်းနှင့် ယခုတွင် စက်သုံးဆီပါ စျေးနှုန်း ထိုးတက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောသည်။
ယခုကဲ့သို့ ဈေးနှုန်း မတက်ခင်ကာလက စက်သုံးဆီ တစ်ဂါလံကို ကျပ် ၂သောင်းဝန်းကျင်း၊ တစ်လီတာ ၈,၃၀၀ ကျပ်ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိ စက်သုံးဆီ ဈေးနှုန်းအခြေအနေနှင့် ပတ်သက်၍ ဖားကန့်ဒေသခံက “ဈေးနှုန်းကတော့ တစ်မြို့နယ်လုံး တစ်ဂါလံ ဈေးနှုန်းကတော့ တသတ်မတ်တည်း ရောင်းတာမျိုး မဟုတ်ဘူးဗျ။ အခြေအနေ ကြည့်ပြီး ရောင်း တာမျိုးလည်း တွေ့ရတယ်။ တစ်ချို့နေရာတွေကလည်း တစ်ဂါလံ ၅ သောင်း၊ တစ်ချို့က ၇ သောင်း ရောင်းကြ တယ်။ လောလောဆယ်တော့ ဆီမရှိတော့ဘူးလို့ သိရတယ်။ ဆိုင်တွေ အားလုံး ပိတ်ထားကြတယ်တဲ့” ဟု ပြော သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်မူ ဖားကန့်မြို့ကို ဝင်ရောက်နိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသော စစ်ကော်မရှင် တပ်နှင့် ရှမ်းနီ အမျိုးသား တပ်မတော် SNA တပ်ဖွဲ့တို့က ဆန်နှင့် အခြား ကုန်စည် သယ်ယူခွင့်ကို တားမြစ်ခဲ့ သဖြင့် ကြက်သား တစ်ပိဿာ ကျပ် ၁ သိန်းထိ စျေးနှုန်း မြင့်တက်ခဲ့သည်။
စစ်တပ်နှင့် SNA တပ်များ ဝင်ရောက်လာသည့် နောက်ပိုင်းမှ စတင်ကာ ဖားကန့်မြို့နယ်ကို တစ်နှစ်ကျော် အကြာ ထိန်းချုပ်နိုင်ခဲ့သည် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ပြင်းထန်လေ့ ရှိသည်။
လက်ရှိ တင်းမာလာသည့် နှစ်ဖက်ကြားက စစ်ရေးအခြေနေများကြောင့် ဖားကန့်မြို့နယ် အတွင်းရှိ ရှရော်ခ၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာစသည့် ကျေးရွာများ အပါအဝင် ရွာပေါင်းများစွာက ဒေသခံထောင်နှင့်ချီ ကလည်း ဘေးလွတ်နိုင်သည့် နေရာများဆီ စစ်ဘေးရှောင်နေကြရသည်။
စစ်ကော်မရှင်တပ်သည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည် ရယူရေး အရှိန်အဟုန်မြင့် ကြိုးစားလာနေပြီး ကချင်ပြည်တွင် ဖားကန့်မြို့နှင့် ဝိုင်းမော်မြို့တို့ကို ပြန်လည်ရယူနိုင်ရေး ကြိုးစားလျှက်ရှိသည်။
အထူးသဖြင့် စီးပွားရေး၊ စစ်ရေးအပြင် အဘက်ဘက်က အချက်အချာကျသည့် ဖားကန့်မြို့ကို ပြန်လည်ရရှိရေး ကြိုးစားလာနေပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များသည်လည်း သိမ်း ပိုက်ထားသည့် ကျေးရွာအချို့နှင့် ဖားကန့်မြို့ကို ဝင်ရောက်နိုင်သည့် လမ်းကြောင်းအချို့ကို ပြန်လည် လက်လွှတ် ထားရသည်။
ဓါတ်ပုံ – MC Saw Lay