စစ်ကော်မရှင် အုပ်ချုပ်ရေး အဖွဲ့ဝင်များအား လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
မြိတ်ခရိုင် မြိတ်မြို့ နယ် မဇောကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။ဖမ်းဆီးခံရသူ သုံးဦးသည် စစ်ကော်မရှင်တပ် ၏ စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကြေး အဓမ္မကောက်ခံနေသူများဖြစ်သည်ဟု ဆိုသည်။
အသက် ၄၀ ခန့်အရွယ် ကြေးနန်းတိုင် ရွာသားတစ်ဦးက “အဖမ်းခံရတဲ့ လက်မဲကျေးရွာမှ ဦးထွန်းသန်းက ကြေးနန်းတိုင် တံတား စစ်ဆေးရေးဂိတ်မှာ အမြဲတမ်းလိုလို ရှိနေတယ်။ နောက်ပြီးတော့ သကန်တောင်ပုက ဦးလူပိန်က စစ်တပ်နဲ့ အတူသွားလာတတ်ပြီး ရဲဝတ်စုံကိုလည်း ဝတ်ဆင်လေ့ရှိတယ်” ဟု ပြောသည်။
မဇောကျေးရွာအုပ်စု လက်မဲကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် မြေယာကော်မတီဝင် ဦးထွန်းသန်း ကို နေအိမ်တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ဩဂုတ်လ ၂၂ ရက်နေ့ ည ၉ နာရီခန့်က လာရောက် ဖမ်းဆီးသွား ခြင်း ဖြစ်သည်။
ထို့အပြင် ဩဂုတ်လ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မဇောကျေးရွာအုပ်စုအတွင်း သကန်တောင်ပုကျေးရွာမှ အသက် ၅၀ ခန့်အရွယ်ရှိ ရာအိမ်မှူး ဦးသန်းဝင်းနှင့် ဦးလူပိန် ဆိုသူတို့ ၂ ဦးကိုလည်း နေအိမ်များတွင် ထပ်မံ၍ ဝင်ရောက် ဖမ်းဆီးသွားသေးသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
အလားတူ မဇောကျေးရွာအုပ်စု တောတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်း ဆိုသူကိုပါ ဝင်ရောက် ဖမ်းဆီး ခဲ့သော်လည်း နေအိမ်တွင် မရှိသဖြင့် လွတ်မြောက်သွားသည်ဟု ရွာသားအချို့က ပြောသည်။
ဦးသန်းထွန်းနှင့် ဦးလူပိန်တို့က စစ်မှုထမ်းအတွက် စာရင်းပြုစုပေးရာတွင်လည်း အဓိက ပါဝင်သူများ ဖြစ်ကြပြီး စစ်ကော်မရှင် တပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်မှုထမ်းမဲပေါက်သည်ဟု ဆိုကာ ကျေးရွာများ၌ ငွေကောက်ခံရာများတွင် လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ် မရရှိသေးသည့်အပြင် လက်ရှိအချိန်ထိ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ရွာသားများက ပြောသည်။