တအာင်းတပ် ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ရှမ်းမြောက်နှင့် မန္တလေးတိုင်းထဲရှိ တအာင်းတပ် TNLA က ထိန်းချုပ်ထားသည့် မြို့တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ ကိုရင် ၃ ပါး နှင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

တအာင်းတပ် TNLA သိမ်းထားသည့် ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့နယ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခံရမှုထဲ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

ဩဂုတ် ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဝါဆိုကျောင်း ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ လေကြောင်းမှ ဗုံးကြဲသွားခြင်း ဖြစ်သည်ဟု တအာင်းတပ် TNLA က ထုတ်ပြန်သည်။

အလားတူ နေအိမ် ၂၂ လုံး၊ ကျောင်းဆောင် ၄ ဆောင်နှင့် ကားနှစ်စီးလည်း ထိမှန်ပျက်စီးသွားသည်ဟု TNLA က ဆိုသည်။

ပလောင်တပ်က ဝင်လို့ လေကြောင်းကနေ တိုက်တယ် အဲ့လိုပြောကြတယ်။ ဘာမှ မဆိုင်ဘူး တကယ်တော့ စစ်တပ်က ကြဲချင်လို့ကို ကြဲတာ။ ဝါဆိုကျောင်းဘက်မှာ တိုက်ပွဲလည်း မရှိဘူး။ အဲ့ဒါကို လေယာဉ်နဲ့ ဗုံးကြဲသွား တာ။ အဲ့မှာ ကျောင်းက သာမဏေပေါ့ ကိုရင် ၃ ပါး ဒဏ်ရာရတယ်။ ပြည်သူတွေထဲက ထိတာလည်း ရှိတယ်။ အိမ်အပျက်အစီးလည်း များတယ် ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲနှင့် နောင်ချိုမြို့နယ် အစပ်က အသက် ၁၂၅ နှစ်ကျော် သက်တမ်းရှိသည့် ဂုတ်ထိပ်တံတားမှာ လည်း ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဖျက်ဆီးခံလိုက်ရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍လည်း စစ်ကော်မရှင်တပ်နှင့် တအာင်းတပ် TNLA တို့က အပြန်အလှန် စွပ်စွဲနေကြ သည်။

ထို့အပြင် ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ် မြို့ကို စစ်တပ်က လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက စည်ပင်သာယာရပ်ကွက်ကို တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု တအာင်းတပ်က ဩဂုတ်လ ၂၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက အခုကလေ အသံကြားရင်ကို ဘယ်ပြေးလို့ ပြေးရမှန်း မသိတော့ဘူး။ မိုးကုတ် လေကြာင်းတိုက်ခိုက်မှုက အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ပေါ့နော်။ ဂေါ်ရခါးဘုရားကျောင်း ရှေ့မှာ ကျတာပါ ဟု ပြောသည်။

သြဂုတ်လအတွင်း စစ်တပ်က မိုးကုတ်မြို့ကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးနှင့် အမျိုးသမီး အပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုမျာကြောင့် ထိခိုက်ဒဏ်ရာရသူလည်း အယောက် ၂၀ ကျော်သွားပြီ ဟု မိုးကုတ် ဒေသခံများက ပြောသည်။

စစ်တပ်က နောင်ချိုမြို့ကို ပြန်ထိန်းချုပ်အပြီး မိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့ကို မြေပြင် စစ်ကြောင်း အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက် ဖိအားပေးနေသည်ဟု လေ့လာသူများ သုံးသပ်ပြောဆိုနေကြ သည်။