ရွေးကောက်ပွဲကို တော်လှန်ရေး နယ်မြေများတွင် လုပ်ခွင့် ပြုမည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
စစ်ကော်မရှင်က ကျင်းပရန် လုပ်နေသည့် ရွေးကောက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများထဲ၌ လုပ်ခွင့်ပြုမှာ မဟုတ်ဘူးဟု တော်လှန်ရေးအင်အားစုများက ပြောဆိုလိုက်သည်။
ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အတွေးအခေါ် အရ ဖြစ်စေ လုပ်ဟန်အရဖြစ်စေ ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ကယန်းအမျိုးသား တပ်မတော် KNA က ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်သည်။
ကယန်းအမျိုးသား တပ်မတော် (KNA) ၏ နိုင်ငံရေး ဦး ဆောင်ကော်မတီ ခွန်းရဲခေါင် “ဒီမိုကရေစီမရှိဘဲ လုပ်တဲ့ ရွေး ကောက်ပွဲဆိုတာ စစ်အာဏာရှင်ဟာ စစ်အာဏာသက်စွန်းရှည်ဖို့အတွက် ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကယန်းအမျိုးသား တပ်မတော်အနေနဲ့ အတွေးအခေါ်အရရော ရပ်တည်ချက်အရရော နည်းနာအရရော တစ်ခုမှ ကျနော်တို့မထောက်ခံနိုင်ပါဘူး။ အသိအမှတ် မပြုနိုင်ပါဘူး။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေတွေမှာကတော့ စစ်ကောင်စီရွေးကောက်ပွဲက ဖြစ်မှာမဟုတ်ဘူး။ ဖြစ်တာကိုလည်း ကျနော်တို့က ခွင့်ပြု မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU၊ အာရက္ခတပ်တော် AA၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ KNPP စသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦးတော်လှန် ရေး အင်အားစုများက စစ်ကော်မရှင်က လုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို လက်မခံကြောင်း တရားဝင် ပြောဆိုထားကြပြီး ဖြစ်သည်။
ထို့အပြင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲက ပြည်တွင်း ပဋိပက္ခကို ပိုမိုကြီးထွားလာစေနိုင်သည် ဟု အမျိုးသမီး များ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ က ပြောသည်။
“ဒီရွေးကောက်ပွဲက ကျမတို့ နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခရော အရင်ကရော နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကို ကျော်လွှားနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်နေဘူး။ ဒီရွေးကောက်ပွဲက ဒီပဋိပက္ခတွေကို အဖြေရှာ တဲ့ နည်းလမ်း မဟုတ်နေဘူးပေါ့နော်။ ဆိုတော့ ဒီရွေးကောက်ပွဲကို လုပ်ခြင်းအား ဖြင့် ပိုလို့တောင်မှ ပဋိပက္ခတွေ တိုးနိုင်တယ်။ ကျမတို့ရဲ့ ဒီနိုင်ငံရေး မတည်ငြိမ်မှုတွေ သတ်မှုဖြတ်မှုတွေက ပိုများ လာနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ပေါ့နော်။ အဲ့ကြောင့်မို့လို့ ဒီရွေးကောက်ပွဲက လုံးဝ ကျင်းပလို့ မဖြစ်ဘူး။“
စစ်ကော်မရှင်က ရွေးကောက်ပွဲကို ဟန်ပြပဲ လုပ်ခြင်းသာဖြစ်ပြီး ၎င်းတို့ အာဏာတည်မြဲရေးနှင့် ပြည်သူလူထု အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟုလည်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဆိုသည်.
ထို့ကြောင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် စုစည်းညီညွတ်စွာဖြင့် ဆန့်ကျင်ကြဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က တိုက်တွန်းထားသည်။
ဦးနေဘုန်းလတ်က “၂၀၂၀ ရွေးကောက် ပွဲ ရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနစ် မတ်လ ၃၀ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာ ခဲ့ပြီ ဖြစ်တာကြောင့် ဒီအခြေခံ ဥပဒေ အောက်ကနေ လုပ်ဆောင်လျှက်ရှိတဲ့ တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ အပါအဝင် အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ သာဖြစ်တယ်” ဟု ပြောသည်။
စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျူးလွန်နေပြီး ပြည်သူလူထု အပေါ် လက်နက်အားကိုးနှင့် နေ့စဉ်ရက်ဆက် သတ်ဖြတ်နေသည့် စစ်ကော်မရှင်က ကျင်းပမည့် ရွေကောက်ပွဲက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်သာ ဖြစ်သောကြောင့် အားလုံး ဆန့်ကျင်ကြဖို့ကိုလည်း KNA က တိုက်တွန်းထားသည်။
ခွန်းရဲခေါင်က “စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို လက်နက်ကိုင်တဲ့နည်းနဲ့ဖြစ်စေ လက်နက်မကိုင်ဘဲ အာဏာဖီဆန်ရေး No Vote မဲမပေးရေး လှုပ်ရှားမှုနဲ့ဖြစ်စေ ဒီလှုပ်ရှားမှုတွေ အားလုံးကိုပေါင်းစပ်ပြီး စစ် အာဏာရှင် သက်ဆိုးရှည်ရေးဆောင်ရွက်တဲ့ ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်သွားဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဟု တရားဝင် ကြေညာထားပြီး ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲ အပိုင်း(၁) မြို့နယ် (၁၀၂) မြို့နယ်၌ ကျင်းပမှာ ဖြစ်သည်ဟု စစ်ကော်မရှင်က ဖွဲ့ထားပေး သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။
ကချင်ပြည်တွင် ၆ မြို့နယ်၊ ကယား (ကရင်နီ)နှင့် ချင်းပြည်တွင် ၂ မြို့နယ်စီ၊ ကရင်ပြည်နှင့် ရခိုင်ပြည်တို့တွင် ၃ မြို့နယ်စီ၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်ထဲတွင် ၁၂ မြို့နယ်စီ၊ တနင်္သာရီတိုင်း၌ ၄ မြို့နယ်၊
မကွေးတွင် ၉ မြို့နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့၌ ၈ မြို့နယ်စီနှင့် မွန်ပြည်တွင် ၅ မြို့နယ် ရွေးကောက်ပွဲ လုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – AFP