ARSA အစွန်းရောက်အဖွဲ့၏ ရက်စက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ AA အရေးပေါ် သတိပေးချက် ထုတ်ပြန်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူများအတွက် အာရက္ခတပ်တော် (AA) က အရေးပေါ် သတိပေး ချက် ထပ်မံထုတ်ပြန်လိုက်သည်။
အစ္စလာမ်မစ် အစွန်းရောက် ARSA အဖွဲ့က ခရီးသွားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းကြောင့် ယင်းသတိပေးချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်။
AA က ပြည်သူများကို မဖြစ်မနေမှသာ သွားလာရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပို့ပြီးမှ သွားလာရန် သတိပေးလိုက်ချိန်တွင် အောက်တိုဘာလ ၂၂ ရက်နေ့က မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ရက်စက်သော ဖြစ်စဉ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ်က မောင်တောမြို့နယ်ထဲတွင် စားသောက်ကုန် ဝယ်ယူပြီး ပြန်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် မြိုယုရွာအရှေ့ဘက် တံတားနားတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ကားပေါ်ပါလာသည့် ခရီးသည်များနှင့် ကားသမားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် AA က လိုက်လံ ရှာဖွေခဲ့သည်။
AA ၏ ရှာဖွေမှုအပြီးတွင် ခရီးသည်များဖြစ်သည့် အသက် ၃၀ အရွယ် ဒေါ်ဝေဝေစိုး နှင့် အသက် ၄၀ အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ကို သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်းများအဖြစ် တွေ့ရှိခဲ့ရသည်။
ပို၍ ထိတ်လန့်စရာမှာ သေဆုံးသွားသော မိခင် ဒေါ်ဝေဝေစိုး၏ အလောင်းဘေးတွင် ၃ နှစ်အရွယ် သမီးငယ်လေး ကို အသက်ရှင်လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကားသမား အပါအဝင် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကိုလည်း AA က တွေ့ရှိခဲ့သည်။
AA က ARSA အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိ အရပ်သားပစ်မှတ်ထား သတ်ဖြတ်မှုများကြောင့် ပြည်သူများ အသက် အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခံရနိုင်သည့်အတွက် တောတောင်ထဲနှင့် လူပြတ်သည့်နေရာများတွင် တစ်ဦး တည်း သို့မဟုတ် လူနည်းစုဖြင့် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် သတိပေးထားသည်။
ကျန်းမာရေးကိစ္စကဲ့သို့ မဖြစ်မနေသွားလာရမည်ဆိုပါကပင် အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ၏ တာဝန်ရှိ သူများကို သတင်းပေးပို့ပြီးမှ သွားလာကြဖို့ AA က အရေးပေါ် ထပ်မံနှိုးဆော်ထားကြောင်း သိရသည်။