မြေမြှုပ်မိုင်းအန္တရာယ်မှ လွတ်မြောက်ရန် လုံခြုံသော လမ်းကြောင်း ရွေးချယ်နည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

မိုင်းအန္တရာယ်ကင်းရှင်းဖို့ ဘယ်လို လမ်းကြောင်းတွေ ရွေးချယ်သင့်တယ်ဆိုတာ အသေးစိတ် ပြောပြပါမယ်၊။ 

အဖြစ်အပျက်လေး နှစ်ခုကို အရင် ပြောပြပါမယ်။ 

ပထမတစ်ခုက ဦးပလောင် ဆိုတဲ့ လူတယောက်ရဲ့ အဖြစ်အပျက်ပါ။ 

သူက ကျောက်မဲမြို့က သုဘရာဇာ တစ်ယောက် ဖြစ်ပါတယ်။ 

သူဟာ စက်တင်ဘာလ ၂၉ ရက်နေ့မနက် ၁၀ နာရီလောက်က အရိုးပြာသွားသွန်ရင်း အေးချမ်းသာ သုဿာန်အနီးမှာ မြေမြှုပ်မိုင်းတစ်ခုကို တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ 

အဲဒီနေ့နေ့လည်ခင်းမှာပဲ မောင်အိုက်လော့ဆိုတဲ့ အသက် ၁၄ နှစ်အရွယ် နွားကျောင်းသားလေး တစ်ယောက်က အဲဒီ သုဿာန် နားမှာပဲ နွားကျောင်းရင်း နောက်ထပ် မိုင်း တစ်လုံးကို မတော်တဆ နင်းမိ/တိုက်မိပြီး သေဆုံးခဲ့ရပြန်ပါတယ်။ 

သူတို့တွေဟာ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့မှ ပတ်သက်သူတွေ မဟုတ်ကြပါဘူး၊ သူတို့ အလုပ်သူတို့လုပ်ရင်း မြေမြုပ်မိုင်းတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

မြန်မာပြည်မှာ မြေမြှုပ်မိုင်း အန္တရာယ် နှင့် ကြုံနေကြရတဲ့ လူတွေက အများကြီးပါ။ 

ကုလသမဂ္ဂ အေဂျင်စီတွေ ဖြစ်ကြတဲ့ ယူနီဆက်ဖ် UNICEF၊ ယူအန်အိုချာ UNOCHA နဲ့  သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေ အရ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် အစောပိုင်း ကာလတွေမှာ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ကြောင့်ထိခိုက်မှုနှုန်းဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ 

အဲဒီ အထဲမှာ ရှမ်းပြည်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ ထိခိုက်မှု အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသတွေ ထဲမှာ ပါဝင်ပါတယ်။ 

UNICEF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် အရပ်သား ၈၈၉ ယောက် သေဆုံးခဲ့ပါတယ်။ 

သေဆုံးမှုတွေရဲ့ ၂၅ % ဖြစ်တဲ့ ၂၀၀ ကျော်ဟာ ရှမ်းပြည်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ ၁၇ % ရှိခဲ့ပါတယ်။ 

UNOCHA ကတော့ ၂၀၂၃ ခုနှစ်က စာရင်းကို ထုတ်ပြန်ထားပါတယ်။ 

၂၀၂၃ ခုနှစ် အတွင်းမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အဲဒီမှာတော့ စစ်ကိုင်းတိုင်းက ၃၅ ရာနှုန်းနဲ့ အများဆုံး ရှမ်းပြည်မှာ ၁၂ ရာနှုန်း ရှိပါတယ်။ 

ဒီအဖြစ်အပျက်တွေနဲ့ အစီရင်ခံစာတွေက မြေမြှုပ်မိုင်း နှင့် တခြားပေါက်ကွဲစေသော ပစ္စည်း များမှာ အန္တရာယ် ဘယ်လောက် ကြီးနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ 

ဒီလို မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ဟာလည်း သွားရင်းလာရင်း နေ့စဉ် တွေ့ကြုံနေကြရတာပါ။ 

ပထမ အနေနဲ့တော့ မြေမြှုပ်မိုင်းတွေ ဘယ်လို နေရာတွေမှာ တွေ့ကြုံလေ့ ရှိတတ်သလဲ ဆိုတဲ့ အကြောင်း ပြောပြပါ့မယ်။ 

မိုင်းတွေ အများဆုံး ရှိနေတတ်တဲ့ နေရာတွေကတော့ စစ် စခန်းဟောင်းတွေ၊ စစ်စခန်း မဟုတ်ပေမယ့်လဲ လက်နက်ကိုင် တပ်ဖွဲ့တွေ စခန်းချခဲ့တဲ့နေရာ ဒါမှမဟုတ် တပ်စွဲခဲ့တဲ့ ဒါမှမဟုတ် ကင်းစောင့်ခဲ့တဲ့ နေရာတွေ မှာ သူတို့ရဲ လုံခြုံရေး အတွက် မိုင်းတွေ ထောင်ထားတတ်ပါတယ်။ 

လမ်းကြောင်းတွေ အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့တွေ သွားတတ်တဲ့ လမ်းကြောင်းတွေ၊ လမ်းဆုံ လမ်းခွတွေ၊ စစ်ယာဉ်တန်းတွေ မကြာခဏ သွားလာတတ်တဲ့ လမ်းတွေ ဒါမှမဟုတ် လက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ လမ်းတွေမှာ မိုင်းတွေ ထောင်ထားတတ်ပါတယ်။ 

သတင်းတွေနဲ့ မှတ်တမ်းတွေ အရဆိုရင် စစ်ရှောင်တွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ 

သူတို့ကတော့ စစ်ရှောင်ရင်းကနေ အိမ်တွေမှာ အစားအစာ ဒါမှမဟုတ် အသုံးလိုတဲ့ ပစ္စည်းတွေ သွားယူတတ်ပါတယ်၊ 

အဲဒီ အချိန်မှာ ရွာထဲမှာ ဖြစ်စေ၊ အိမ် အဝင်အထွက် နေရာတွေ၊ လှေကားရင်းတွေနဲ့ လမ်းတွေမှာ လက်နက်ကိုင် အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေ ရှိနေတတ်ပါတယ်။ 

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေ နေထိုင် ဖြတ်သန်းခဲ့ဘူးတဲ့ လယ်တောတွေ ခြံတွေမှာလည်း မြေမြှုပ် မိုင်း အန္တရာယ် ကြုံတွေ နိုင်တတ်တာကြောင်း သတိပြု ရန်လိုအပ်ကြပါတယ်။ 

အရပ်သားတွေ အထိအခိုက်များလေ့ ရှိတဲ့ နေရာတွေကတော့ စစ်ဘေးရှောင် ရွာသားတွေ နှစ်၊လ၊ရက်ပေါင်းများစွာ စွန့်ပစ်ထားခဲ့တဲ့ ရွာတွေ၊ စိုက်ခင်းနဲ့ သဘာဝ အရင်းအမြစ်တွေ ရှာဖွေတဲ့ နေရာတွေ၊ ထင်းခုတ်၊ ရေရှာ၊ ခြံခုတ်တဲ့ နေရာ တွေ၊ ရေအရင်းအမြစ်ရှိတဲ့ နေရာနဲ့ အဲဒီနေရာတွေကို သွားတဲ့ လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်း နှင့် အခြားမပေါက်ကွဲ သေးသော လက်နက်ကြီး/ငယ် တွေ ရှိနေတတ်ပါသေးတယ်။ 

တချို့ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲ သေးသော ပစ္စည်းတွေကလည်း လူသွားလမ်းဘေးတွေ၊ ချောက်ကမ်းပါးတွေ ခြုံနွယ်ပိတ်ပေါင်း ထူထပ်တဲ့ နေရာတွေမှာ ရှိတတ်ပါတယ်။ 

ဒါကြောင့် မကြာသေးမီ ကဖြစ်‌စေ၊ လွန်ခဲ့သည့်နှစ် များမှ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသော နေရာ ‌ဒေသ သည် ဘေးအန္တရာယ်ရှိတဲ့ နေရာတွေမှာ မဖြစ်မနေ သွားလာကြတဲ့အခါ လမ်းကြောင်းရွေးချယ်မှု မှန်ကန်ဖို့က အရေးကြီးလှပါတယ်။ 

အန္တရာယ်ကင်းဝေးဖို့ ဆိုရင် အခုဖော်ပြတဲ့ အချက်အလက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ 

လမ်းကြောင်း အသစ်တွေကို ရှောင်ပါ၊ ဖြတ်လမ်းတွေ လူသွားလေ့မရှိတဲ့ လမ်းတွေကို ရှောင်ပါ၊ 

လမ်းသွားတဲ့အခါ လမ်းဘေးကို မရောက်စေပါနဲ့။ လမ်းဘေးမှာရှိတဲ့ မြက်ခင်းတွေ၊ ခြုံပုတ်တွေကို ဖြတ်မသွားသင့်ပါဘူး။ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာရှိတဲ့ လမ်းကို အလယ်ကနေသွားသင့် ပါတယ်။ 

အကောင်းဆုံးကတော့ ဒေသခံတွေရဲ့ အကြံပြုချက်နှင့် မိုင်းအန္တရယ် အသိပညာပေး နှင့် ပတ်သက်သည့် သတင်းဌာန/ ရေဒီယို များမှ ထုတ်လွှင့်လျက်ရှိသော သတိပေးချက်များကို လိုက်နာသင့်ပါတယ်။ မလိုအပ်ဘဲ ညအခါ လမ်းသွားတာ၊ မြင်ကွင်းမရှင်းတဲ့ အချိန်တွေ၊ မြူနှင်း ထူထပ်တဲ့ အချိန်တွေမှာ လမ်းသွားတာကို ရှောင်သင့်ပါတယ်။ 

ဖြစ်နိုင်မယ်ဆိုရင်တော့ လူတစ်ယောက်ထဲ မသွားပဲ ဒေသခံ အဖော်တွေနဲ့ သွားသင့်ပါတယ်။ 

သွားလာတဲ့ လမ်းတလျောက်နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ‌ဒေသအလိုက် မိုင်းသတိပေး ဆိုင်းဘုတ်တွေကိုလည်း လိုက်နာ သင့်ပါ တယ်။ မိမိ တို့ ထံ မှ ကျ ကျန်ခဲ့သော ပစ္စည်း မဟုတ်ပါက လုံးဝ လုံးဝ မကောက်ယူသင့်ပါ။

သတိပေး အမှတ်အသားတွေ၊ ဆိုင်းဘုတ်တွေ ဒါမှမဟုတ် ထူးခြားတဲ့ အမှတ်အသားတွေ တွေ့ရင် တားမြစ်ထား တဲ့ နယ်မြေတွေကို မကျော်သွားစေဖို့ သတိပြုသင့်ပါတယ်။ 

အနှစ်ချုပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ လမ်းဘေးက သွားတာ၊ လမ်း အသစ်တွေက သွားတာတွေက အန္တရာယ် များပြီး လူသွားများတဲ့ လမ်းမကြီးတွေနဲ့ ဒေသခံတွေ အကြံပြုတဲ့ လမ်းကြောင်းတွေကိုပဲ အဓိက သွားလာသင့် တဲ့ အကြောင်း တင်ဆက်ပေး လိုက်ရပါတယ်။