ဒဝယ်(ထားဝယ်) အမျိုးသားနေ့ပွဲတော်ကျင်းပရာ ဝန်းကျင်တွင် စစ်အင်အားများဖြင့် လုံခြုံရေး တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

မြို့အဝင်အထွက်တွင် ပုံမှန်ထက် တင်းကျပ်သော လုံခြုံရေးအောက်မှ ဒဝယ် (ထားဝယ်) အမျိုးသားနေ့ ပွဲတော်ကို ကျင်းပခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက် (နတ်တော်လဆန်း ၁ ရက်) နေ့တွင် ကျရောက်ခဲ့သည့် ထားဝယ်အမျိုးသားနေ့ အထိမ်း အမှတ် ဂီတဖျော်ဖြေပွဲအား ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် စစ်ကော်မရှင်၏ လုံခြုံရေး အလွန်အမင်း တင်းကျပ်စွာ ချထားမှုအောက်မှ ကျင်းပခဲ့ရကြောင်း ထားဝယ်မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ 

အသက် ၄၅ နှစ်အရွယ် အင်းဝန်းရွာသားတစ်ဦးက အရင်ရက်ကတည်းက တစ်ရက်ကြိုပြီး မြေတင်ကား ၂ စီးအပြည့်နဲ့ စစ်တပ်က လုံခြုံရေးလာချသွားတယ် ဟု ပြောသည်။

ထိုပွဲတော်ကို ပြည်သူလူထု၏ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော်လည်း၊ ပွဲတော်ကို ဝန်းရံထားသည့် လက်နက်ကိုင်တပ်များ၏ အင်အားပြသမှုကြောင့် ဒေသခံများအကြား သတိထား စောင့်ကြည့် စရာဖြစ်ခဲ့သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ ထားဝယ်မြို့ ကမ်းနားလမ်းရှိ ရိုးရာသပိတ်မျှော ပွဲတော် ကျင်းပသည့် ပန်းခြံအတွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုတော်များဖြစ်သည့် မိုးကောင်းလွင်၊ သားလေး၊ အေမီဈာန်နှင့် ထားဝယ်တိုင်းရင်းသား တေးသံရှင်များက ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။ 

ထားဝယ်အမျိုးသားနေ့အား ၂၀၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ အင်းဝန်းကျေးရွာနှင့် သာယာကုန်းကျေးရွာ အနီးဝန်းကျင်တွင် စစ်အင်အား အများအပြား ချထားကာ အစစ်အဆေးများဖြင့် လုံခြုံရေးတင်းကျပ်ထားခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။ 

ထို့အပြင် ထားဝယ်မြို့၏ အဓိက အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင်လည်း ခရီးသွားလာသူများကို ပုံမှန်ရက်များကထက် ပို၍ စစ်ဆေးမှုများ တင်းကျပ်နေသည်ဟု ဆိုကြသည်။ 

ပွဲကျင်းပမည့် နေရာနှင့် ကမ်းနားလမ်းတစ်လျှောက်တွင်မူ နံနက်ပိုင်းအချိန်ထိ လုံခြုံရေးချထားသည်ကို ထင်ရှား စွာ မတွေ့ရှိခဲ့ရသော်လည်း ပွဲတော်ကို ဝန်းရံထားသည့် စစ်ရေးတင်းမာမှုများက ဒေသခံကို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု အခြေအနေကို ခံစားရစေသည်ဟု ဆိုသည်။