ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ အရှိန်မြင့်လာကြောင်း ကုလသမဂ္ဂ သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။ 

မကြာမီကျင်းပတော့မည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် ခြိမ်းခြောက်မှုများ ပိုမိုပြင်းထန်လာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ယနေ့ (အင်္ဂါနေ့) တွင် ထုတ်ပြန် သတိပေးလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တာ့ခ် (Volker Türk) က “မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ လူထုကို မဲပေးဖို့အတွက် ရက်စက်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိအားပေးတာတွေကို ရပ်တန့်ရမှာဖြစ်သလို၊ သဘောထားကွဲလွဲမှုကို ဖော်ပြသူတွေကို ဖမ်းဆီးနေတာတွေကိုလည်း အဆုံးသတ်ရမယ်” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ထားကြောင်း ထောက်ပြထားသည်။ 

လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကျင့်သုံးသူ အမြောက်အမြားသည် “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ဖြင့် ဖမ်းဆီးခံနေရကြောင်း သိရသည်ဟု ဖော်ပြထားသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာများ ကပ်ခဲ့သည့် လူငယ် ၃ ဦးကို ထောင်ဒဏ် ၄၂ နှစ်မှ ၄၉ နှစ်အထိ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ထောက်ပြထားသည်။ 

ထို့အပြင် ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင်ကို ဝေဖန်ခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် လူရွှင်တော် အုန်းဒိုင်တို့အား ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြားအောင် လုပ်ဆောင်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်းလည်း ထောက်ပြထားသည်။ 

မန္တလေးတိုင်း အပါအဝင် ဒေသအသီးသီးရှိ စစ်ဘေးရှောင် ပြည်သူများသည် မဲပြန်ပေးရန် ပျက်ကွက်ပါက တိုက်ခိုက်ခံရမည် သို့မဟုတ် နေအိမ်များ သိမ်းဆည်းခံရမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

“မဲပြန်ပေးဖို့ မြို့ကိုပြန်လာကြ၊ ပြန်မလာရင် ဆက်ပြီး ဗုံးကြဲမယ်” ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။ 

မဟာမင်းကြီး တာ့ခ်က စစ်ဘေးရှောင်များအား ၎င်းတို့၏ ဆန္ဒမပါဘဲ ဘေးကင်းမှုမရှိသော နေရာများသို့ အဓမ္မပြန်ခိုင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများထံမှ ခြိမ်းခြောက်မှုများ ရှိနေကြောင်း ကြေညာချက်တွင် ပါရှိသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလက ကျိုက်ထိုမြို့နယ်၌ မဲပေးရန် သင်တန်းတက်ရောက်မည့် ဆရာမ ၉ ဦး ဖမ်းဆီးခံရပြီး သတိပေးချက်များဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်နှင့် ရန်ကုန်ရှိ လှည်းကူးနှင့် မြောက်ဥက္ကလာပ အုပ်ချုပ်ရေးရုံးများတွင် ဗုံးပေါက်ကွဲမှုများကြောင့် ရွေးကောက်ပွဲ ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များကို ထောက်ပြထားသည်။

“အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြားမှာ ကျင်းပနေတာ ဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး က ဆိုသည်။ 

လက်ရှိ အခြေအနေတွင် လွတ်လပ်စွာ ဖော်ပြခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်များ မရှိသည့်အတွက် ပြည်သူများအနေဖြင့် အနှစ်သာရရှိရှိ လွတ်လပ်စွာ ပါဝင်နိုင်သည့် အခြေအနေ မရှိကြောင်း ၎င်းက ကောက်ချက်ချ ပြောကြားခဲ့ပါသည်။