ချင်းမိုင်မြို့ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ပါဒဲ့တ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၇ ရက် ညသန်းခေါင်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မိသားစုဝင် (၅) ဦး ဆုံးပါးသွားခဲ့သည်။
သေဆုံးသူများထဲတွင် အသက် (၅) နှစ်အရွယ် အမြွှာညီမငယ်နှစ်ဦး၊ အသက် (၃၈) နှစ်အရွယ် ဇနီးမောင်နှံနှင့် အသက် (၇၀) အရွယ် အဘွားတစ်ဦးတို့ ပါဝင်သည်။
မီးသည် နေအိမ်အောက်ထပ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်တစ်အိမ်လုံး၌ သံပန်းများကို အလုံပိတ်တပ်ဆင်ထားသောကြောင့် အိမ်နီးချင်းများက အချိန်မီ ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။
မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် အပေါ်ထပ်၌ မိသားစုဝင်အားလုံး သတိလစ်နေသည်ကို တွေ့ရှိခဲ့ရပြီး မီးခိုးမွန်း၍ သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။
ယခုဖြစ်စဉ်သည် နေအိမ်များတွင် လုံခြုံရေးအတွက် သံပန်းများတပ်ဆင်ရာ၌ အရေးပေါ်ထွက်ပေါက် (Fire Escape) ထည့်သွင်းရန် အရေးကြီးကြောင်း သင်ခန်းစာလည်း ဖြစ်သည်။
#ChiangMai #မီးလောင် #ချင်းမိုင်