တနင်္သာရီ မြို့နယ်အချို့တွင် ပြိုင်ဘက်မရှိသဖြင့် USDP အနိုင်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။ 

စစ်ကော်မရှင်က ကျင်းပနေသော  ရွေးကောက်ပွဲများတွင် တနင်္သာရီတိုင်း မြို့နယ် အချို့တွင် ပြိုင်ဘက်မရှိသဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)မှ ကိုယ်စားလှယ်များက အနိုင်ရနေကြသည်။ 

လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ် နှင့် ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပခဲ့သော အပိုင်း (၂) မှ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ပြိုင်ဘက်မရှိသဖြင့် ယှဉ်ပြိုင်ရန်မလိုဘဲ အနိုင်ရရှိထားခြင်း ဖြစ်သည်။ 

၎င်းအပြင် အပိုင်း (၂) တွင် ပါဝင်သော သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် နေရာ များတွင်လည်း USDP ပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ ပြိုင်ဘက်မရှိ အလိုအလျောက် အနိုင်ရရှိနေ သည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း (၁) တွင်လည်း ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များရှိ ပြည်သူ့လွှတ်တော်နေရာ ၄ နေရာစလုံးကို USDP ပါတီကပင် အနိုင်ရရှိခဲ့သည်။ 

တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) အပြီးတွင် USDP ပါတီသည် ပြည်သူ့လွှတ်တော်အတွက် ၆ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် အတွက် ၅ ဦး၊ စုစုပေါင်း ၁၁ ဦးအထိ အနိုင်ရရှိထားခြင်း ဖြစ်သည်။

အဆိုပါ အနိုင်ရရှိမှုများနှင့် ပတ်သက်၍ UEC မှ တာဝန်ရှိသူတစ်ဦးက ပြည်သူ့လွှတ်တော်အတွက် ကြံ့ခိုင်ရေး ပါတီက အနိုင်ရတဲ့သူတွေက ထားဝယ်မြို့နယ်မှာ ဒေါက်တာ ကျော်ကျော်ဌေး၊ မြိတ်မြို့နယ်မှာ ဦးလင်းအောင်၊ ဘုတ်ပြင်းမြို့နယ်မှာ ဦးအောင်လင်းလှိုင် နဲ့ ကော့သောင်းမြို့နယ်က ဦးကျော်သူတို့ပါပဲ၊ တိုင်းဒေသကြီး လွှတ် တော်အတွက် ဦးကိုကိုကြီးဦးဆောင်တဲ့ မြိတ်မြို့နယ် ပြည်သူ့ပါတီမှ ဦးခိုင်ဦးက တစ်နေရာ အနိုင်ရထားတယ် ဟု ပြောသည်။

ယှဉ်ပြိုင်ရန် မလိုဘဲ အနိုင်ရရှိနေသည့် USDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ လောင်းလုံး မြို့နယ်မှ ဦးတင့်လွင်နှင့် ရေဖြူမြို့နယ်မှ ဦးမင်းနိုင်တို့ ဖြစ်ကြသည်။ 

တိုင်းဒေသကြီး လွှတ်တော်တွင်မူ လက်ရှိ စစ်ကော်မရှင်၏ ဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့နယ်မှ အနိုင် ရရှိခဲ့ပြီး၊ ကော့သောင်းမြို့နယ်တွင် ဒေါက်တာဝင်းအောင်နှင့် ဘုတ်ပြင်းမြို့နယ်မှ ဦးအောင်ကျော်ကျော်ဦးတို့က အသီးသီး အနိုင်ရရှိထားကြသည်။

သို့သော်လည်း အမျိုးသားလွှတ်တော် အတွက် အနိုင်ရရှိမှု စာရင်းကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

တော်လှန်ရေး အင်အားစုများကမူ ယခုရွေးကောက်ပွဲသည် စစ်ကော်မရှင်က ၎င်းတို့၏ တရားဝင်မှုကို ပြသရန် ကြိုးပမ်းသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်းနှင့် ပြိုင်ဘက်မရှိ အနိုင်ရနေခြင်းမှာလည်း စစ်ကော်မရှင်က နိုင်ငံရေးပါတီများကို ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ထားခြင်းကြောင့် ဖြစ်ကြောင်း ဝေဖန် ထောက်ပြနေကြသည်။