မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကော်မရှင်က စာသင်ကျောင်း ဖွင့်ခိုင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။ 

ကသာတွင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသော်လည်း စစ်ကော်မရှင်က စာသင်ကျောင်းများအား ပြန်ဖွင့်ခိုင်းထားသည်ဟု မြို့ခံများနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် တော်လှန်ရေး အင်အားစုများ၏ မြို့သိမ်းတိုက်ပွဲများ ပြင်းထန် နေသော် လည်း စစ်ကော်မရှင်က မြို့ပေါ်ရှိ အခြေခံပညာကျောင်းများကို ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ကာ အတင်း အကျပ် ပြန်လည်ဖွင့်လှစ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ကသာမြို့ပေါ်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိသည့်အနက် အထက (၂) မှာ တိုက်ပွဲအတွင်း မီးလောင် ပျက်စီးသွားခဲ့ပြီး၊ အထက (၁) မှာလည်း ရဲစခန်းအနီးတွင်ရှိသဖြင့် ဖွင့်လှစ်ရန် မဖြစ်နိုင်သော်လည်း၊ စစ်ကော် မရှင်က ကျောင်း ၃ ကျောင်းလုံးကို ပေါင်းစည်းကာ ဘူတာဈေးအနီးရှိ အထက (၃) တွင် စုပေါင်း ဖွင့်လှစ်နေခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကသာမြို့ခံ စစ်ဘေးရှောင်တစ်ဦးက ကျောင်းကဖွင့်နေပြီတဲ့။ အခုက မြို့ထဲက ဘူတာ ဈေးနဲ့နီးတဲ့ အထက ၃ မှာဖွင့်တာ။ အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာတွေကနေ ကြားတဲ့သတင်းပါ။ မြစ်အရှေ့ ဘက် ကမ်းကသူတွေက သိကြတယ်။ သူတို့တွေလည်း အဲ့မှာကျောင်းထားကြတဲ့သူတွေ ရှိလို့ ဟု ပြောသည်။

ကသာမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ပွဲ များ ခေတ္တငြိမ်သက်နေချိန်တွင် စစ်ကော်မရှင်က Non-CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၄၀၀ ဝန်းကျင် ခန့်ကို မြို့တွင်းသို့ ဝင်ရောက်စေကာ ကျောင်းဖွင့်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ကျောင်းစတင်ဖွင့်လှစ်သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ တိုက်ပွဲများမှာ ပြန်လည် ပြင်းထန်လာနေ သည်။

ယခုကဲ့သို့ စစ်ရေးတင်းမာနေသည့် ကြားမှ ကျောင်းများ ပြန်ဖွင့်နေခြင်းမှာ ကျောင်းသားများကို လူသားဒိုင်း အဖြစ် အသုံးချလိုသောကြောင့် ဖြစ်ကြောင်း ကသာမြို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ မှတ်ချက် ပေးသည်။

ဒါကတော့ ရှင်းပါတယ်။ ပြည်သူကို ကြားခံအဖြစ် စစ်ရေးမှာ အခက်တွေ့သွားမလားဆိုပြီး ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချတာပါပဲ ဟု ၎င်းက ပြောသည်။

တော်လှန်ရေးအင်အားစုများက ကသာမြို့တွင်းရှိ အရပ်သားများ အနေဖြင့် မြို့ကိုစွန့်ခွာကြရန် တိုက်ပွဲ စတင်ချိန် ကတည်းက သတိပေးထားသည်။ 

လက်ရှိတွင် ကသာမြို့ခံ အများစုမှာ မန္တလေးနှင့် မြစ်ကြီးနားမြို့ အစရှိသည့် မြို့ကြီးများအပြင် ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများ၊ မိုးညှင်း၊ မိုးကောင်းနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မဘိန်းမြို့များအထိ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။