နာရေး ဆုတောင်းပွဲကို ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သားများ အစုအပြုံလိုက် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နာရေးရက်လည် ဆုတောင်းပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် အရပ်သားပြည်သူများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါ အဝင် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး၊ ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်တွင် ဗန်းမော်မြို့၏ အနောက်ဘက်ကမ်း ၅ မိုင်ခန့်အကွာရှိ ကောင်ဂျာကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “သူတို့ ရက်လည်ဆုတောင်းပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ညနေပိုင်း မနေ့က ညနေ ပိုင်း ၄ နာရီခွဲ အချိန်မှာ အဲဒီ စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ လာပြီးမှ ဗုံးကြဲတယ်တဲ့ ဗုံးကြဲတော့ လူက နည်း နည်းစုနေတဲ့ အချိန်ဆိုတော့ ထိခိုက်တာကတော့ များတာပေါ့။ အခုထက်ထိ ရရှိထားတဲ့ သတင်းကတော့ သေတဲ့ လူတွေကတော့ ၂၁ ယောက် ဖြစ်တယ်တဲ့ တကယ်လို့များ တိုးလို့ရှိရင်တော့ ၂၂ ယောက်များ ဖြစ်မလား ဒါကတော့ အတည်ပြုလို့တော့ မရသေးပါဘူးနော်” ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပတ်သက်၍လည်း “ဒဏ်ရာရပြီးမှ ဆေးရုံရောက်တဲ့ လူတွေကတော့ ၂၈ ယောက် ရှိပါတယ်။ ဆိုတော့ ၂၈ ယောက်ထဲက အယောက် ၂၀ ကတော့ ဆေးရုံတင်ပြီးမှ ကုသရတယ်။ ကျန်တဲ့ ၈ ယောက်ကိုတော့ အပြင်လူနာ အနေနဲ့ ကုသပေးနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် နေရာသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ လည်း မရှိဘဲ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေသည့် နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အဲဒီနေရာမှာတော့ တိုက်ပွဲလည်း မရှိပါဘူး။ နောက်အဲဒီရွာမှာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ သူတို့စစ်ရှောင် ပြည်သူလူထုတွေရှိတယ်။ အရင်က ရွာတွေဖြစ်နေတယ်။ နောက်စစ်ရှောင် ပြည်သူလူထုတွေ ရောက်လာတယ်။ စာသင်ကျောင်းတွေရှိတယ်။ ဆိုတော့ မနေ့က ဗုံးကြဲတဲ့ အချိန်မှာ ဂျက်ဖိုက်တာကတော့ ပတ်ပြီးမှ သုံးနေရာလောက်ကို ဗုံးကြဲတယ်လို့တော့ ပြောတယ်။ သုံးနေရာ ဆိုတာ ခုနပြောတဲ့ အဲဒီ နာရေးအိမ်မှာလည်း နောက်စာသင်ကျောင်းတို့ ဈေးတန်းနဲ့ အဲဒီ စစ်ရှောင်စခန်းတို့ ပေါ့နော် အဲဒီမှာ ပတ်ပြီးမှ ဗုံးကြဲတယ်လို့ ပြောပါတယ်” ဟု ရှင်းပြသည်။
စစ်ကော်မရှင်တပ်သည် ဗန်းမော်မြို့အတွင်းရှိ ၎င်းတို့လက်လွတ်ထားရသည့် နေရာများကို ပြန်လည်ရယူရန် တိုက်ပွဲများ ပြင်းထန်စွာ ဖော်ဆောင်နေသော်လည်း ယခုကဲ့သို့ မြို့ပြင်ကျေးရွာများရှိ အရပ်သားများကိုပါ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာခြင်းမှာ ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ထောက်ပြထားသည်။။
ကချင်ပြည် အတွင်းရှိ မြို့နယ်အများစုတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေသကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူများသည် နေ့စဉ်နှင့်အမျှ လုံခြုံမှု ကင်းမဲ့နေပြီး စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုထားသည်။