ထီးချိုင့်တွင် မြို့သိမ်း တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့တွင် မြို့သိမ်းတိုက်ပွဲများ တကျော့ပြန် စတင်နေပြီး ဧရာဝတီ တံတား အနီးနှင့် မြို့ပေါ်နေရာအချို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေးအင်အားစု များနှင့် နီးစပ်သူများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်အစောပိုင်းမှစ၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့ကိုထိန်းချုပ်နိုင်ရန် စနစ်တကျ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ 

လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သူတို့ဘက်က တိုးလို့ လည်း မဟုတ်ဘူး။ ကိုယ့်ဘက်က ကပ်တာ။ မြို့သိမ်းဖြစ်မယ်။ ကိုယ့်ဘက်ကစနစ်တကျနဲ့အင်အားဖြည့်တာ။ တံတားပတ်ဝန်းကျင်နဲ့မြို့နေရာတချို့တွေမှာအဓိကဖြစ်နေတာဗျ ဟု အခြေအနေကို ရှင်းပြသည်။

ကချင်ပြည် အစပ်တွင် တည်ရှိသည့် ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တော်လှန်ရေး အင်အားစုများက ပထမအကြိမ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးသည်။ 

ထိုစဉ်က မြို့၏နေရာ အတော်များများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အရပ်သားနေအိမ်များကို ဦးတည်မီးရှို့ဖျက်ဆီးမှုများကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီးခဲ့ရကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ယခုအခါ မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ကသာမြို့နှင့် မဝေးကွာလှသော ထီးချိုင့်တွင် တိုက်ပွဲသံများ တစ်ကျော့ပြန် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ကသာမြို့မြစ်ကမ်းနဘေးရှိ ဒေသခံတစ်ဦးကလည်း ကျနော်တို့က ကသာနယ်လို့သာပြောတာ ထီးချိုင့်နဲ့ ပိုနီး တယ်။ တအုန်းအုန်းနဲ့ အကျယ်ကြီးကို ကြားနေရတာ ဟု ယမန်နေ့မှစ၍ ယနေ့အထိ တိုက်ပွဲသံများ ဆက် တိုက်ကြားနေရသည့် အပေါ် ပြောပြသည်။

စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ကသာနှင့် ထီးချိုင့်မြို့တို့သည် မန္တလေး – စစ်ကိုင်း – ဗန်းမော် လမ်း ကြောင်း တစ်လျှောက် ရေကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ချိတ်ဆက်နိုင်သည့် ဗျူဟာမြောက် ဒေသများ ဖြစ်ခြင်းကြောင့် နှစ်ဖက်စစ်ရေးအရ အလွန်အရေးပါသော နေရာများဖြစ်သည်။ 

လက်ရှိတွင် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေများကိုမူ အတည်မပြုနိုင်သေးကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ဓါတ်ပုံ – Tigyaing Revolution (TR)