မော်ချီးမြို့အတွင်း ဗုံးကြဲ တိုက်ခိုက် သဖြင့် သက်ကြီးရွယ်အို အဖွားတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
ကရင်နီ (ကယား) ပြည်၊ မော်ချီးမြို့အတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို အဖွားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးကုန်သည်ဟု ဒေသခံများက ပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်ခန့်တွင် မော်ချီးမြို့၊ လောလိုထီး အမှတ် (၄) ရပ်ကွက် အတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၇၄ နှစ်အရွယ် အဖွားတစ်ဦးမှာ နေအိမ်ပေါ်သို့ ဗုံးတည့်တည့် ကျရောက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးက “အဖွားအို တစ်ယောက်က ပွဲချင်းပြီးပဲ။ သူ့အိမ်ပေါ် တည့်တည့် ကျ တာ သူဘယ်လိုမှ ပြေးမရဘူး။ ကျန်တဲ့သူတွေတော့ တအားမဖြစ်ပါဘူး။ ရှပ်ထိ ဘာညာလောက်ပါပဲ။ ဒဏ်ရာ ရတာတော့ ရတယ်။ ဟိုလို အသက်အန္တရာယ်စိုးရိမ်ရတာတော့ မရှိဘူး” ဟု ပြောသည်။
ဗုံးကြဲခံရမှုကြောင့် လူနေအိမ် ၆ လုံးမှာလည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိသူများကို မြေပြင် အဖွဲ့အစည်းများက ဆေးကုသမှုပေးလျက်ရှိသည်။
မော်ချီးဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း အမှတ် (၄) ကျင်းရှိ ခဲလုပ်ငန်းခွင်တစ်ခုကို စစ်ကော်မရှင်က ဗုံးကြဲခဲ့သဖြင့် အရပ်သား ၆ ဦး ထိခိုက်ခဲ့ဖူးရာ၊ ယခုတိုက်ခိုက်မှုမှာ တစ်ပတ်အတွင်း နှစ်ကြိမ် မြောက် ဖြစ်လာခြင်း ဖြစ်သည်။
ဒေသတွင်း လေကြောင်းကင်းထောက်သူ တစ်ဦးက “ဒီနောက်ပိုင်းက လေကြောင်းက မမှန်တော့ဘူး။ ကင်း ထောက်ရ တအားခက်လာတယ်။ ဒီနေ့က ဒီချိန် လာတယ်ဆိုရင် နက်ဖန်က ဒီချိန် ဟုတ်ချင်မှ ဟုတ်မယ်။ မနက်၊ နေ့၊ ညမရွေး ကြဲနေတာပဲ။ လူတွေလည်း စားဝတ်နေရေးနဲ့ဆိုတော့ သတိမထားနိုင်တော့ဘူး။ မနေ့ညဆိုလည်း ရုတ်တရက်ပဲလေ။ ၁၂ ဆိုတာက ဒီဖက်မှာ အိပ်မောကျနေပြီ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
သတ္တုတွင်းလုပ်ငန်း မြောက်မြားစွာရှိသည့် မော်ချီးဒေသကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်က လေကြောင်းမှ အကြိမ် ၂၅ ကြိမ်ခန့်အထိ တိုက်ခိုက်ထားကြောင်း မြေပြင်စောင့်ကြည့်သူများက ဆိုသည်။
စစ်ကော်မရှင်တပ်သည် ဘော်လခဲမြို့မှတစ်ဆင့် မော်ချီးမြို့သို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ လေကြောင်းပစ်ကူများကို မကြာခဏ အသုံးပြုနေခြင်းဖြစ်သည်။
လက်ရှိတွင် မော်ချီးဒေသကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) တို့က ပူးပေါင်းထိန်းချုပ်ထားကြောင်း သိရသည်။