တအာင်းဒေသတွင် ၃ နှစ်အတွင်း အရပ်သား ၉၀၀ နီးပါး ထိခိုက်နစ်နာဟု TWO ပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသအတွင်း စစ်ကော်မရှင်၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၉၀၀ နီးပါး ထိခိုက်နစ်နာခဲ့ရကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) က ပြောသည်။
‘လုံခြုံမှု ကင်းမဲ့သော ဘဝများ’ အမည်ရှိ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ကာ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၃ နှစ်တာအတွင်း စစ်ကော်မရှင်တပ်သည်
လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် အဆင်အခြင်မဲ့ ပစ်ခတ်ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၂၈၀ ကျော် ကျူးလွန်ခဲ့ကြောင်း TWO ၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်များအနက် လက်နက်ကြီးကြောင့် ထိခိုက်ရသူ ၂၆၀ ကျော်နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ရသူ ၂၇၀ ကျော်အထိ ရှိခဲ့သည်။
ကွက်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက “အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေကို ပြောရမယ်ဆိုရင် ကျမတို့ ရွာထဲကို လက်နက်ကြီးတွေ ကျလာတာက တိုက်ပွဲဖြစ်နေလို့ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ ပစ်နေတာ။ အိမ်ထဲမှာ ထိုင်နေရင်းနဲ့တင် ဗုံးစထိပြီး သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူရနဲ့။ ကလေးတွေဆိုရင် လေယာဉ်သံ ကြားတာနဲ့တင် တုန်နေကြပြီ။ ဘယ်အချိန် ကိုယ့်အလှည့် ရောက်မလဲဆိုတာပဲ ကြောက်နေရတာ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ မတရား ဖမ်းဆီးညှဉ်းပန်းခြင်းနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပါ စနစ်တကျ ကျူးလွန်နေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် တအာင်းဒေသ၌ စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်အထိ ရှိလာနေပြီး အရေး ပေါ် လူသားချင်းစာနာမှု အကူအညီများ ပြတ်လပ်နေသည့် အခြေအနေဖြစ်ကြောင်း ထောက်ပြထားသည်။
“အခုက စားဖို့သောက်ဖို့ထက် လုံခြုံရေးက အဓိက ဖြစ်နေတာ။ တိုက်ပွဲတွေ ရပ်သွားရင်လည်း လူက အမြဲ စိတ်ခြောက်ခြားနေတာ။ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဘူး။ လေယာဉ်လာမလား၊ လက်နက် ကြီးကျမလားနဲ့။ ဒဏ်ရာရတဲ့သူတွေဆိုလည်း ဆေးကုဖို့က အရမ်းခက်ခဲတယ်။ လမ်းတွေပိတ်ထားတော့ မြို့ပေါ်တက်ဖို့က မလွယ်ဘူး” ဟု မိုးကုတ်မြို့က စစ်ရှောင်တစ်ဦးက ဟု ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကော်မရှင်ထံသို့ လေယာဉ် ဆီ တင်ပို့ရောင်းချမှုများကို အမြန်ဆုံး ရပ်တန့်ရန်နှင့် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် ထိရောက် စွာ အရေးယူပေးရန် အလေးအနက် တောင်းဆိုထားသည်။
၎င်းတို့၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၃ နှစ်အတွင်း တအာင်းဒေသရှိ အရပ်သားများ၏ ဘဝမှာ လုံခြုံမှု ကင်းမဲ့နေပြီး နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုမှာ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြထားသည်။