ကျောက်ဖြူ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှု ကလေး အပါအဝင် အရပ်သား ၃ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ရေကြောင်း၊ လေကြောင်းဖြင့် အရပ်သားရွာ များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း ကလေး အပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသည်။
ကျောက်ဖြူမြို့နယ်ထဲတွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကော်မရှင်ဘက်က စစ်ရေးနှင့် မသက်ဆိုင်သည့် ကျေးရွာများကို ရေကြောင်းနှင့် လေကြောင်းအသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ မင်းပြင်၌ တပ်စွဲထားသည့် စစ်ကော်မရှင်တပ်က ဝမျှောင်၊ ကျောက်ပြောက်နှင့် ငါးအုပ်ကျေးရွာများကို အသေခံဒရုန်းများ၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ပင်လယ်ပြင်ရှိ စစ်ရေယာဉ် (နေဗီ) ကလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝမျှောင်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းဝေနှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးတို့ သားအမိနှစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ဒေသခံ အမျိုးသားတစ်ဦးက “မင်းပြင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အသေခံဒရုန်းရော လက်နက်ကြီး တွေနဲ့ရော ပစ်တာ။ ဒီ ကျောက်ဖြူ ပင်လယ်ပြင်ဘက်လည်း နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဝမျှောင်က မခင်ထက်ထက်စိုးနဲ့ ဒေါ်ခင်စန်းဝေတို့ သေဆုံးခဲ့ရတာပါ” ဟု ပြောသည်။
ထို့ပြင် ငါးအုပ်ကျေးရွာကို အသေခံဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရကာ နေအိမ် ၄ လုံး ပျက် စီးခဲ့ရပြီး၊ ဝမျှောင်ကျေးရွာတွင်လည်း အရပ်သား ၇ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ကျောက်ကလေကျေးရွာအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကော်မရှင် နေဗီတစ်စီးက ကျောက်ပြောက်ကျေးရွာဘက်သို့ လက်နက်ကြီးကျည် ၄ လုံး ပစ်ခတ်ခဲ့ရာ အသက် ၈၀ အရွယ် သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ကျည်စထိမှန် သေဆုံးခဲ့ရသေးသည်။
ကျောက်ဖြူတွင် အာရက္ခတပ်တော် (AA) ၏ မြို့သိမ်းတိုက်ပွဲ အရှိန်မြင့်လာချိန်တွင် စစ်ကော်မရှင်တပ်က မြေပြင်တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု များပြားနေခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထား၍ အငြိုးတကြီး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်မြောက်ပိုင်းရှိ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကော်မရှင်တပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၇ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ရခိုင်လူမှုရေးလှုပ်ရှားသူများကမူ စစ်ကော်မရှင်သည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုထားကြသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ဂျက်တိုက်လေယာဉ်များ၊ ကင်းထောက် လေယာဉ်များနှင့် နေဗီများကို ယခင်က ထက် ပိုမိုသုံးစွဲကာ တိုက်ခိုက်လာနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်း အန္တရာယ်ကို အထူးဂရုပြု သတိထားကြရန် အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတိပေး ချက် ထုတ်ပြန်ထားသည်။