ထီးချိုင့်ကို စစ်တပ်က သုံးရက်ဆက်ဗုံးကြဲ၊ သံဃာနှင့်ကိုရင်များအပါအဝင် ၁၂ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်တွင် သုံးရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် သံဃာတော်များနှင့် ကိုရင်များအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ဆေးရုံနှင့် သာသနာ့အဆောက်အအုံများပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက် ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးဇင်း ၂ ပါးနှင့် ကိုရင် ၄ ပါးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပြီး သာသနာ့အဆောက်အအုံများနှင့် ဆေးရုံများ ပြင်းထန်စွာ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇီးကုန်း၊ စပ်စား၊ ထုံးကြီးကျွန်းနှင့် အလယ်တောကျေးရွာတို့ကို ပစ်မှတ်ထားကာ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုများအနက် မတ်လ ၁၀ ရက်နေ့က ဇီးကုန်းကျေးရွာကို တိုက်ခိုက်မှုမှာ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး သံဃာတော်များအပါအဝင် ၁၂ ဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထီးချိုင့်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဇီးကုန်းရွာက ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူး။ လေကြောင်းတိုက်ခိုက်တာလည်းမခံရဖူးဘူး။ ဒီရွာမှာ စစ်ရှောင်တွေလည်းခိုလှုံနေကြတာဟုတ်တယ်။ တိုက်ပွဲ ဖြစ်ပွားတာလည်းမရှိပါဘူး။ အိမ်သစ်တောင်မတက်လိုက်ရဘဲ လေကြောင်းတိုက်ခိုက်မှုမှာ ပါသွားတာတွေ လည်း ရှိပါတယ်။ အသက်မပြည့်တဲ့ကလေးတွေရော၊ ကိုရင်လေးတွေရော၊ ဦးဇင်းတွေရောသေဆုံးခဲ့ရတာပါ ဟု ပြောသည်။

ဇီးကုန်းကျေးရွာ တိုက်ခိုက်ခံရမှုတွင် ကိုရင် ၈ ပါး၊ ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံနှင့် နေအိမ်များစွာ ပျက်စီးခဲ့ရသည်။ 

ထို့ပြင် မတ်လ ၈ ရက်နေ့ကလည်း အလယ်တောစံပြကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ ပေါင် ၂၀၀ ဗုံးများ ကြဲချခဲ့သဖြင့် ဆဌမတန်းကျောင်းသူတစ်ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင်လည်း စပ်စားကျေးရွာသို့ ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပြီး၊ ထုံးကြီးကျွန်းကျေးရွာတွင်မူ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ နေအိမ်များ မီးလောင် ပျက်စီးခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် မတ်လ အစောပိုင်းမှစတင်ကာ စစ်ကိုင်းနှင့် ကချင်ပြည်အစပ်ရှိ ထီးချိုင့်၊ ပင်လည်ဘူး၊ ကောလင်းနှင့် မော်လူးမြို့တို့ကို လေကြောင်းမှတစ်ဆင့် အပြင်းအထန် တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများ မှာ ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်နေကြရသည်။ 

ယခုကဲ့သို့ ဘာသာရေး အဆောက်အအုံများနှင့် ဆေးရုံများကိုပါမချန် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ထောက်ပြထား ကြသည်။

#စစ်ကိုင်းတိုင်း #ထီးချိုင့် #လေကြောင်းတိုက်ခိုက်