ဗျူဟာကုန်း ကျပြီးနောက် ကွတ်ခိုင်တစ်မြို့လုံးကို MNDAA ထိန်းချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ တအာင်းတပ်မတော် (TNLA) စခန်းများကို ကိုးကန့်တပ် (MNDAA) က ဒရုန်းရာချီ အသုံးပြုကာ အင်အားသုံး တိုက်ခိုက်ခဲ့ပြီးနောက် မြို့တစ်ခုလုံးကို အလုံးစုံထိန်းချုပ်လိုက်ပြီဟု ဒေသခံ များနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ MNDAA ဘက်က ဒရုန်းအစီးရေ ရာနှင့်ချီအသုံးပြု၍ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သဖြင့် မတ်လ ၁၅ ရက်နေ့ ညပိုင်းတွင် TNLA တပ်ဖွဲ့ဝင်များ ကွတ်ခိုင်ဗျူဟာကုန်းမှ ဆုတ်ခွာပေးခဲ့ ရခြင်း ဖြစ်သည်။
ကွတ်ခိုင်မြို့အပြင် မူဆယ် ၁၀၅ မိုင်နှင့် နမ့်ဖတ်ကာဘက်ရှိ TNLA စခန်းများကိုလည်း MNDAA က သိမ်းပိုက်ခဲ့ ပြီး တအာင်းအလံများ ဖြုတ်ချခြင်းနှင့် လူရာနှင့်ချီဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
မြေပြင်အခြေအနေနှင့်ပတ်သက်၍ ကွတ်ခိုင်ဒေသခံတစ်ဦးက “ကွတ်ခိုင်ကတော့ ကိုးကန့်လက်အောက် ကျသွား ပြီလို့ ပြောလို့ရတယ်။ မနေ့ညပိုင်းမှာ TNLA ဘက်က ဆုတ်သွားတာ။ ဒီနေ့မနက်မှာတော့ ပစ်ခတ်သံတွေ ငြိမ် နေပြီ၊ မြို့ပေါ်မှာ လူအသွားအလာ နည်းနည်းရှိလာပေမဲ့ မြို့ခံတွေကတော့ တော်တော်လေး စိုးရိမ်နေကြတုန်း ပဲ။ ဘာဖြစ်လာဦးမလဲ မသိရဘူးလေ” ဟု ပြောသည်။
တိုက်ပွဲအတွင်း ဟိုကျန့်ရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
လက်ရှိတွင် ကွတ်ခိုင်၌ သေနတ်သံများ ငြိမ်သက်နေသော်လည်း နမ့်ခမ်းမြို့နယ်ဘက်တွင်မူ MNDAA က အင်အားဖြည့်တင်းကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ညီနောင်မဟာမိတ် အချင်းချင်းကြား ဖြစ်ပွားနေသည့် ယခုပဋိပက္ခအပေါ် လက်နက်ကိုင် ဖြေရှင်းခြင်း မပြုရန် အရပ်ဘက် အဖွဲ့အစည်းများကလည်း တိုက်တွန်းထားကြသည်။
တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်က မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ ပြီး မဟာမိတ်အချင်းချင်းကြား စစ်ရေးပဋိပက္ခသည် စစ်အာဏာရှင်အတွက် အခွင့်အလမ်းများ ဖြစ်ပေါ်စေနိုင်ပြီး နွေဦးတော်လှန်ရေးကို စိန်ခေါ်မှုဖြစ်စေသဖြင့် စစ်ရေးကို ချက်ချင်းရပ်တန့်ကာ စားပွဲဝိုင်းတွင် ညှိနှိုင်းဖြေရှင်းကြ ရန် တိုက်တွန်းထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် ကျန်းမာရေးအင်အားစု အသီးသီးကလည်း ယခုဖြစ်စဉ်ကို မိတ်ဖက်ပဋိပက္ခအဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြရန် ပန်ကြားထား ကြသည်။
TNLA ဘက်ကမူ ၎င်းတို့အနေဖြင့် မဟာမိတ်အချင်းချင်းကြား ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြင့်သာ ကြိုးစားအဖြေရှာသွားမည်ဟု ထုတ်ပြန်ထားသည်။
သို့သော် MNDAA ဘက်ကမူ TNLA က ဦးစွာသေနတ်ဖောက်သဖြင့် တိုက်ပွဲစတင်ရခြင်းဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားရာ နှစ်ဖက်တပ်များကြား စစ်ရေးတင်းမာမှုသည် ကွတ်ခိုင်မှ နမ့်ခမ်းမြို့နယ် ဘက်သို့ ဆက်လက် ကူးစက်နေဆဲဖြစ်သည်။