စွမ်းအင်အရင်းအမြစ်များကို တိုက်ခိုက်သည့် အဆင့်သစ် သို့ ရောက်သွားပြီဟု အီရန်ကြေညာ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်။
စစ်ပွဲသည် စွမ်းအင်အရင်းအမြစ်များကို တိုက်ခိုက်သည့် အဆင့်သစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန်က ပြောကြားသည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ဗုဒ္ဓဟူးနေ့က အစ္စရေးတို့က အီရန်၏ အကြီးမားဆုံး South Pars သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို တိုက်ခိုက်ပြီးနောက်တွင် အီရန်က ကာတာနှင့် ဆော်ဒီအာရေးဗီးယားရှိ စွမ်းအင်အရင်းအမြစ်များကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံရှိ အဓိက ဓာတ်ငွေ့သိုက်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် “ဘာမျှမသိရှိခဲ့ကြောင်း” သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီး၊ ကာတာနိုင်ငံအပေါ် ထပ်မံ၍ လက်တုံ့ပြန်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် အီရန်အစိုးရ (တီဟီရန်) ကို သတိပေးလိုက်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးဘက်က တရားဝင်အတည်ပြုခြင်း မရှိသေးသော်လည်း၊ အမေရိကန်သမ္မတကမူ ၎င်း၏မဟာမိတ်ဖြစ်သူ အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အခြေအနေများအပေါ် ဒေါသထွက်ကာ အီရန်ကို ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ၌ အီရန်နှင့် အမေရိကန်၊ အစ္စရေးတို့၏ စစ်ပွဲသည် “အဆင့်သစ်” သို့ ရောက်ရှိပြီဟု ဖော်ပြထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့်ဆက်စပ်သည့် ရေနံအဆောက်အအုံများကို အီရန်ဘက်က “မီးရှို့ဖျက်ဆီး” ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ထိပ်ဖူးများစွာပါဝင်သည့် ဒုံးကျည်တစ်စင်းသည်လည်း အစ္စရေးနိုင်ငံတောင်ပိုင်းရှိ စစ်ရေးဖြန့်ကြက်မှုစင်တာကို ထိမှန်ခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။
အီရန်၏ အခြေခံအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းရန်အတွက် အီရန်အနေဖြင့် အမေရိကန်နှင့် အမေရိကန်ရှယ်ယာ ပါဝင်ပတ်သက်နေသည့် စွမ်းအင်အဆောက်အအုံများကို မဖြစ်မနေတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တဆက်တည်းမှာပင် ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ ပင်လယ်နီ (Red Sea) ဆိပ်ကမ်းမြို့ဖြစ်သော ရန်ဗူး (Yanbu) ရှိ ဆော်ဒီအာရမ်ကို (Saudi Aramco) ၏ SAMREF ရေနံချက်စက်ရုံကို ကြာသပတေးနေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စက်မှုကဏ္ဍ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ စွမ်းအင်ဆိုင်ရာနေရာများကို တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ကာတာနှင့် ယူအေအီး (UAE) ရှိ စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။
IRGC သည် Saudi Aramco နှင့် Exxon Mobil တို့ ဖက်စပ်ပိုင်ဆိုင်သော SAMREF အပါအဝင် ဆော်ဒီ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ ရေနံအဆောက်အအုံအချို့မှ လူများအား ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့သည်။