နှင်ထုတ်သည့် နိုင်ငံခြားသားများကို အမေရိကန်က ကော်စတာရီကာသို့ ပို့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ “တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခြင်း” (Third-country deportation) မူဝါဒအရ အမေရိကန်မှ နှင်ထုတ်ခံရသည့် အခြားနိုင်ငံသားများကို ကိုစတာရီကာနိုင်ငံက တစ်ပတ်လျှင် ၂၅ ဦးနှုန်းဖြင့် လက်ခံရန် သဘောတူညီခဲ့သည်။ 

အဆိုပါစီမံချက်ကို အမေရိကန်အထူးကိုယ်စားလှယ် ခရစ္စတီး နုမ်း (Kristi Noem) နှင့် ကိုစတာရီကာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည်။  

ကိုစတာရီကာအစိုးရသည် လက်ခံမည့်သူများကို စီစစ်ပိုင်ခွင့်ရှိပြီး ၎င်းတို့၏ နေရပ်ရင်းနိုင်ငံတွင် ဘေးအန္တရာယ်ရှိနိုင်သူများကိုမူ ပြန်လည်ပို့ဆောင်မည်မဟုတ်ဟု ဆိုသည်။ 

လူ့အခွင့်အရေးလှုပ်ရှားသူများက ဤလုပ်ရပ်သည် ဒုက္ခသည်များကို အကာအကွယ်မဲ့စေနိုင်ကြောင်း ဝေဖန်ထားကြသည်။ 

ကိုစတာရီကာနိုင်ငံသည် ပြီးခဲ့သည့်နှစ်ကလည်း ရုရှား၊ တရုတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံသား ၂၀၀ ခန့်ကို လက်ခံခဲ့ဖူးပြီး ထိန်းသိမ်းရေးစခန်းများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သဖြင့် တရားစွဲဆိုမှုများ ဖြစ်ပွားခဲ့သည်။ 

အမေရိကန်အစိုးရသည် ရဝမ်ဒါ၊ ဟွန်ဒူးရပ်စ်နှင့် တောင်ဆူဒန်အပါအဝင် အခြားနိုင်ငံအချို့နှင့်လည်း အလားတူသဘောတူညီချက်များ ပြုလုပ်ထားသည်။ 

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း ယာယီအကာအကွယ်ပေးထားသည့် TPS စနစ် ရုတ်သိမ်းမှုအပေါ် တရားရုံး၏ ဆိုင်းငံ့မိန့် သက်တမ်းကုန်ဆုံးပါက ယခုကဲ့သို့ တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးသည့် အစီအစဉ်တွင် ပါဝင်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း သုံးသပ်မှု တချို့ ရှိနေသည်။