ထိုင်းနိုင်ငံတွင် ယနေ့မှ စ၍ ယာဉ်စည်းကမ်း ဖောက်ဖျက်သူများကို ပြင်းထန်စွာ အရေးယူမည်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်။
ထိုင်းနိုင်ငံတစ်ဝန်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းများကို တင်းကျပ်စွာ စစ်ဆေးအရေးယူလျက်ရှိသည်။
မတ်လ ၃၁ ရက်နေ့တွင် သတိပေးကာလ ကုန်ဆုံးသွားပြီဖြစ်သဖြင့် ယနေ့မှ စ၍ ဒဏ်ကြေးငွေများကိုလည်း သိသိသာသာ တိုးမြှင့်သတ်မှတ်လိုက်သည်။
အရှိန်နှုန်းလွန်ကဲစွာ မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ လူကူးမျဉ်းကြားတွင် ရပ်မပေးခြင်းနှင့် ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းတို့အတွက် ဒဏ်ငွေ ဘတ် ၄၀၀၀ အထိ ချမှတ်ထားသည်။
လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းနှင့် ယာဉ်မောင်း၊ ခရီးသည်များ ထိုင်ခုံခါးပတ်မပတ်ခြင်းတို့ကိုလည်း စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။
အရက်သောက်စား၍ မောင်းနှင်ခြင်းနှင့် အများပြည်သူအန္တရာယ်ဖြစ်စေရန် မောင်းနှင်ခြင်းကိုမူ ဘတ်ငွေ ၂ သောင်း အထိ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် အပြစ်ဒဏ်များ ကျခံစေနိုင်မည်ဖြစ်သည်။
အဆိုပါ တင်းကျပ်သည့် အစီအမံများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတော်တဆမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယာဉ်အသွားအလာများသော မြို့ကြီးများနှင့် ခရီးသွားများ စည်ကားရာဒေသများတွင် ပိုမိုအင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဟု ယာဉ်ထိန်း ဌာနများကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။