ညောင်ဦးတွင် စစ်ကော်မရှင်လက်နက်ကြီးကြောင့် ၂ ဦးသေ၊ ၁ ဦးခြေထောက် ဖြတ်လိုက်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးတွင် တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထန်းသမားတစ်ဦး ခြေထောက်ဖြတ်လိုက်ရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးကာ၊ ထန်းတက် နေသည့် အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာဖြင့် ခြေထောက်ဖြတ်လိုက်ရသည်။

ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ နပ္ပလင်ကျေးရွာမြောက်ဘက် ဘူးကင်းဘုရားအနီးမှ လှည့် ကင်းထွက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ချောင်းရှည်ကျေးရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီး များဖြင့် ဧပြီလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ရွာမြောက်ဘက် ၂ မိုင်လောက်ကနေ ပစ်တာ ၆ ကြိမ်။ ရွာထဲ ကို ၃ လုံး ကျတယ်၊ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ သက်သက်ရမ်းကားပြီး လုပ်တာ၊ လက်နက်ရှိတော့ အနိုင် ကျင့်ကြတာပေါ့ ဟု ပြောသည်။

လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များပေါ်သို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဘုရားရှိခိုးနေသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်မှာ ကျည်တည့်တည့်မှန်ကာ ပြိုကျပျက်စီးခဲ့ရ သည်။ 

ချောင်းရှည်ရွာသားတစ်ဦးက ဘုရားရှိခိုးနေတဲ့အချိန် ကျောင်းဆရာမရဲ့ အိမ်ပေါ်ကို တည့်တည့်ကျတာ ပွဲချင်း ပြီးဆုံးတယ်။ အိမ်လည်း ရစရာမရှိတော့ဘူး၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ် ဟု ပြောသည်။

ထို့ပြင် ကျောင်းဆရာမ၏ အိမ်ဘေးရှိ နေအိမ်သို့လည်း နောက်ထပ်ကျည်တစ်လုံး ကျရောက်ခဲ့ရာ ထမင်းချက်နေ သည့် အမျိုးသမီးငယ်တစ်ဦးလည်း ကျည်စထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြောင်ရွာသားတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင် ကျေးရွာအနီး ထန်းတက်နေသည့် ထန်းသမားတစ်ဦးမှာလည်း လက်နက်ကြီးအစ လာ ရောက်ထိမှန်သဖြင့် ဒဏ်ရာပြင်းထန်ကာ ခြေထောက်ဖြတ်လိုက်ရပြီး ညောင်ဦးဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်း ရွာသားများက ပြောသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ပြီးနောက် အနောက်မြောက်အရပ်သို့ ဆက်လက် ထွက်ခွာသွားသည်။

ယခုဖြစ်စဉ်သည် ညောင်ဦးနှင့် ကျောက်ပန်းတောင်းဒေသအတွင်း စစ်ကော်မရှင်တပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုစိပ်လာသည့် အခြေအနေကို ပြသနေသည်။ 

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာကို စစ်ကော်မရှင်တပ် က ဝင်ရောက်စီးနင်းကာ ဒေသခံ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာသားများသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးအန္တရာယ်နှင့် လှည့်ကင်း စစ်ကြောင်းများကြောင့် စိုးရိမ်ထိတ်လန့်နေကြရပြီး အချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရ သည်။