တော်လှန်ရေး အစုအဖွဲ့များအကြား သွေးကွဲမှုများ ရှောင်ကျဉ်ရန် KNDF ခေါင်းဆောင်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
တော်လှန်ရေး အစုအဖွဲ့များအကြား အချင်းချင်း ပြန်လည် တိုက်ခိုက်နေမှုများကို အမြန်ဆုံး အဆုံးမသတ်နိုင်ပါက မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖြစ်လာနိုင်မည် မဟုတ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောဆိုလိုက်သည်။
ယနေ့ (ဧပြီလ ၁၇ ရက်နေ့) တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှုတ်ဆက် စကား အတွင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အာဏာရှင်များ အလိုကျဖြစ်စေမည့် အချင်းချင်း သွေးကွဲမှု များကို ရှောင်ရှားရန် တိုက်တွန်းခဲ့သည်။
ဒု-စစ်ဦးစီးချုပ် မာဝီက “ကျဉ်းမြောင်းတဲ့ အမျိုးသားရေးမှာပဲ ကျနော်တို့တွေ ပိတ်မိမနေကြဘဲနဲ့ ကျယ်ပြော တဲ့ အမျိုးသားရေးနဲ့ ပြည်ထောင်စုရေးကို ကျနော်တို့ ရှေးရှုလုပ်ဆောင်ကြရပါလိမ့်မယ်။ အဲ့ဒီအတွက် ကိုလည်း အလေးအနက် တိုက်တွန်းနှိုးဆော်လိုပါတယ်။ အာဏာရှင်တွေ ကြိုက်တဲ့ ကျနော်တို့ အချင်းချင်းတွေ ပြန် တိုက် ခိုက်ကြ၊ သွေးကွဲကြတာမျိုးတွေကို တတ်နိုင်ဆုံး ကျနော်တို့ ရှောင်ရှားကြရမယ်။ ဦးနှောက်ကြီးရမယ်၊ နှလုံး သားကြီး ရမယ်။ ကျနော်တို့ ဒီလို အခက်အခဲတွေကို ကျနော်တို့ရဲ့ ကြီးမားတဲ့ မျှော်မှန်းချက်တွေ၊ ဉာဏ် ပညာ တွေနဲ့ ကျော်လွှားကြရအောင်လို့လည်း ကျနော် ဆုတောင်းလိုပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာသော်လည်း နွေဦးတော်လှန်ရေးသည် ကြံ့ကြံ့ ခံ ရုန်းကန်နေဆဲဖြစ်ပြီး၊ ရည်ရွယ်ချက်များ ပြည့်မီအောင် အသက်၊ ချွေးများစွာဖြင့် ဆက်လက် ပေးဆပ်နေကြရ ဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အောင်ပွဲရရှိရန် စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ကြောင်းကိုလည်း “တစ်နိုင်ငံလုံး စည်းလုံးညီညွတ်စွာနဲ့ တိုက်မှ အောင်ပွဲရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အားလုံးက သိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သစ် ကစပြီးတော့ အာဏာရှင်စနစ် အပြီးတိုင် ပြိုလဲဖို့ ကျနော်တို့က ကဏ္ဍအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့သူတွေ အားလုံး အားလုံး စည်းလုံးကြဖို့ကိုလည်း ဆုတောင်း မေတ္တာပို့သပါတယ်” ဟု ဒု-စစ်ဦးစီးချုပ် မာဝီက နှစ်သစ်မင်္ဂလာ နှုတ်ဆက်စကားအတွင်း ဆုတောင်းထားသည်။
ထို့ပြင် လေပေါ်တွင် တိုက်ဆောက်၍ မရသကဲ့သို့ မြေပြင်စိုးမိုးမှုနှင့် အာမခံချက်ရှိသော အခြေအနေများရှိမှသာ အရာရာကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့်၊ ပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် ပြည်နယ်တိုင်း ညီညွတ် မှုရှိရန်နှင့် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ စုစည်း၍ အနိုင်ယူကြရန် ဒု-စစ်ဦးစီးချုပ် မာဝီက တိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိတွင် ကရင်နီပြည်အတွင်း၌ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသကဲ့သို့ အခြား သော တိုင်းရင်းသားနယ်မြေအချို့တွင်လည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား နယ်မြေစိုးမိုးမှုဆိုင်ရာ ပွတ် တိုက်မှုများ ရှိနေသည့်အတွက်၊ KNDF ဒုစစ်ဦးစီးချုပ်၏ ယခုမိန့်ခွန်းမှာ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း စုစည်းကြရန် နှိုးဆော်ချက်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။