သမ္မတ ထရန့်ရဲ့ မိတ်ဆွေကို စည်းရုံးလှုံ့ဆော်ပေးဖို့ စစ်အုပ်စု ငှားရမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ ရော်ဂျာစတုန်း (Roger Stone) ဟာ မြန်မာ စစ်အုပ်စုရဲ့ ဝန်ကြီးဌာနတစ်ခုအတွက် အမေရိကန်မှာ စည်းရုံးလှုံ့ဆော်ပေးဖို့ လက်မှတ်ရေးထိုး သဘောတူညီခဲ့တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်အရ ရော်ဂျာစတုန်းဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအချို့ကို ဖြေလျှော့ပေးဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာစေဖို့အတွက် ဝါရှင်တန်ဒီစီမှာ ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။
လက်ရှိ စစ်အုပ်စုက လွှမ်းမိုးထားတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဒီလုပ်ရပ်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်နေကြပါတယ်။
ရော်ဂျာစတုန်းဟာ အမေရိကန်နိုင်ငံရေးလောကမှာ အလွန်ထင်ရှားပြီး အငြင်းပွားဖွယ်ရာများတဲ့ “နိုင်ငံရေး မဟာဗျူဟာမြောက် အကြံပေးပုဂ္ဂိုလ်” (Political Strategist) တစ်ဦး ဖြစ်ပါတယ်။
သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရင်းနှီးသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ဒေါ်နယ်ထရမ့်ကို နိုင်ငံရေးလောကထဲ ရောက်အောင် ကူညီပေးခဲ့တဲ့ နှစ်ရှည်လများ မိတ်ဆွေဖြစ်ပြီး ၂၀၁၆ ရွေးကောက်ပွဲမှာလည်း အဓိကနေရာက ပါဝင်ခဲ့သူပါ။
ဒါ့အပြင် သူဟာ နိုင်ငံရေးပြိုင်ဘက်တွေကို တိုက်ခိုက်ရာမှာ ပြင်းထန်ပြီး အငြင်းပွားဖွယ်ရာ ညစ်ပတ်တဲ့ နည်းလမ်းတွေကို အသုံးပြုတတ်တာကြောင့် “Dirty Trickster” လို့တောင် နာမည်ကျော်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲကို ရုရှားနိုင်ငံက စွက်ဖက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာ လွှတ်တော်ကို လိမ်ညာပြောဆိုမှု၊ သက်သေတွေကို ခြိမ်းခြောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ထောင်ဒဏ် လ ၄၀ ချမှတ်ခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာ သမ္မတထရမ့်က သူ့ကို ထောင်ကလွတ်အောင် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ပေးခဲ့ပါတယ်။
သူဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ သမ္မတတွေ ဖြစ်တဲ့ သမ္မတနစ်ဆင်၊ သမ္မတ ရော်နယ် ရေဂင် စသူတို့ အတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ဝါရင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။
အကျဉ်းချုပ်ရရင် သူဟာ အမေရိကန် ရှေးရိုးစွဲနိုင်ငံရေးလောကမှာ သြဇာညောင်းပြီး ထရမ့်နဲ့ အလွန်နီးစပ်တဲ့၊ နည်းလမ်းမျိုးစုံသုံးပြီး နိုင်ငံရေး ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်တတ်သူတစ်ဦး ဖြစ်ပါတယ်။
သူ့ကို စစ်အစိုးရက အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားနိုင်ဖို့အတွက် စည်းရုံးလှုံ့ဆော်ပေးဖို့ ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။