မော်လူးမြို့ကို တော်လှန်ရေးတပ်များ လက်လွှတ်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ၂ နှစ်နီးပါးကြာ စိုးမိုးထားခဲ့သည့် မော်လူးမြို့ကို ယနေ့ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းများက ပြန်လည်ဝင်ရောက်စီးနင်းကာ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ် စစ်ကြောင်းသည် မေလ ၂ ရက်နေ့မှ စတင်ကာ မော်လူးမြို့သို့ ဦးတည်ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ၃ ရက်အကြာတွင် မြို့တွင်းသို့ ဝင်ရောက် သွားခြင်းဖြစ်သည်။ 

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မော်လူးမြို့၏ အခြေအနေနှင့် ပတ်သက်၍ မော်လူးပါတာတော့ သေချာသွား ပြီ။ ဘယ်လိုလဲဆိုတာတော့ အသေးစိတ်မသိသေးဘူး။ သေချာသွားပြီဝင်သွားတာ။ မနေ့ကဝင်တာတော့ မဟုတ် ဘူး။ ဒီနေ့မနက်ပိုင်းမှ ရောက်သွားတာဟုတ်တယ် ဟု အတည်ပြုပြောသည်။

မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီးနဘေးရှိ မော်လူးမြို့ကို စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာခြင်း ကြောင့် မော်လူးမြို့ခံများနှင့် နဘား၊ ပင်ဝယ်၊ ဟဲနု အပါအဝင် အင်းတော်-မော်လူး လမ်းပိုင်းရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မော်လူးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကချင်လွတ်လပ်ရေးတပ် KIA၊ ကျောင်းသားတပ်မတော် ABSDF NUG လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ၂ နှစ်နီးပါးအကြာတွင် ပြန်လည် လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ နယ်မြေအချို့ ပြန်လည်လက်လွှတ်လိုက်ရသည့် အခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၅ နှစ်ပြည့်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုကဲ့သို့ ပြောသည်။

စစ်ရေးသဘော သဘာဝအရ လိုအပ်တဲ့အခါမှာ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကို တဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓာတ် ရေးရာအရ အားလျော့မသွားကြဖို့ သတိပေးလိုပါတယ်၊ ဒါဟာ ရန်သူကိုကြောက်လို့ မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သလို ရှေ့ဆက်ရမယ့် ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က ဆက်လက်၍ စစ်တပ်၏ သာလွန်အင်အားနှင့် ရင်ဆိုင်ရချိန်တွင် ပြည်သူများ၏ အသက်အိုးအိမ် ကို ကာကွယ်ရန်နှင့် အစုလိုက်အပြုံလိုက် ထိခိုက်မှုများ မရှိစေရန်အတွက် အချို့နယ်မြေများတွင် နည်းဗျူဟာ အရ ယာယီဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုထားသည်။