မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးသင်း တောင်ကိုရီးယားတွင် ကစားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။ 

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ 

ဒါဟာ ၈ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားအားကစားသမားတွေ တောင်ကိုရီးယားမြေပေါ် ခြေချမယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကလပ်အသင်းဖြစ်တဲ့ နေဂိုလျန်အမျိုးသမီး ဘောလုံး အသင်း (Naegohyang Women’s FC) ဟာ တောင်ကိုရီးယားကလပ်ဖြစ်တဲ့ ဆူဝမ် အမျိုးသမီး ဘောလုံး အသင်း ( Suwon FC Women ) အသင်းနဲ့ လာမယ့် မေလ ၂၀ ရက် မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ဒီပွဲဟာ အာရှအမျိုးသမီး ချန်ပီယံပွဲ Asian Women’s Champions League ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆူဝမ် (Suwon) မြို့မှာ ကျင်းပမှာပါ။

မြောက်ကိုရီးယားဘက်က ကစားသမား ၂၇ ဦးနဲ့ ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း ၃၉ ဦး လာရောက်ဖို့ စာရင်းပေးထားပါတယ်။

အခုခရီးစဉ်ဟာ ၂၀၁၈ ခုနှစ် ပြုံချမ်းဆောင်းရာသီအိုလံပစ်နောက်ပိုင်း မြောက်ကိုရီးယား အားကစားသမားတွေ တောင်ကိုရီးယားကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ 

တောင်ကိုရီးယားသမ္မတ လီဂျေမြွန်း (Lee Jae Myung) အနေနဲ့ အေးစက်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို “အန္တရာယ်အရှိဆုံး ရန်သူနိုင်ငံ” လို့ သတ်မှတ်ခဲ့သလို၊ ကိုဗစ်ကြောင့် နယ်စပ်တွေပိတ်ထားခဲ့လို့ အားကစားဖလှယ်မှုတွေလည်း ရပ်ဆိုင်းနေခဲ့တာပါ။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကတော့ ဒါဟာ နိုင်ငံတကာကလပ် အသင်းအဆင့် ပြိုင်ပွဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အနည်းငယ်ပဲ ပါဝင်ပတ်သက်မှာဖြစ်ပေမယ့် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေတော့ ပေးသွားမယ်လို့ ပြောထားပါတယ်။

တကယ်လို့ မြောက်ကိုရီးယားအသင်းသာ နိုင်ခဲ့ရင် မေလ ၂၃ ရက်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Melbourne City ဒါမှမဟုတ် Tokyo Verdy အသင်းနှစ်သင်းထဲက တစ်သင်းနဲ့ တွေ့ရမှာပါ။  

ရှုံးခဲ့ရင်တော့ နောက်တစ်နေ့မှာပဲ နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။