ထိုင်းအစိုးရက ထိုင်း-ကမ္ဘောဒီးယား ရေပိုင်နက်သဘောတူ စာချုပ်ကို ဖျက်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မေလ ၆ ရက်။
ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားမှုများကို ဖြေရှင်းရန် ရည်ရွယ်၍ ၂၀၀၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာ (MOU) ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအစိုးရက မေလ ၅ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။
နှစ်ပေါင်းနှစ်ဆယ်အတွင်း ဆွေးနွေးပွဲ ၅ ကြိမ် ပြုလုပ်ခဲ့သော်လည်း ထူးခြားသောတိုးတက်မှု မရှိခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ထိုင်းဘက်က ဆိုသည်။
ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ပြဿနာကို ဆက်လက်ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သော မြေပြင်နယ်နိမိတ် အငြင်းပွားမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားနေချိန်တွင် ယခုကဲ့သို့ ရေပိုင်နက်ဆိုင်ရာ သဘောတူညီချက် ပျက်ပြယ်သွားခြင်းဖြစ်သည်။
အငြင်းပွားနယ်မြေအတွင်းရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူသုံးစွဲနိုင်မည့် အလားအလာများလည်း မှေးမှိန်သွားခဲ့သည်။
ယခုဖျက်သိမ်းမှုသည် ထိုင်းအစိုးရက တရားဝင် အကြောင်းကြားစာပေးပို့ပြီးနောက် ဥပဒေအရ အတည်ဖြစ်လာမည်ဖြစ်သည်။