ချင်းပြည်မြောက်ပိုင်း ကလေး-တီးတိန်လမ်းပိုင်း တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။ 

ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့ကို စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်တပ် စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေသဖြင့် ကလေး-တီးတိန်လမ်းပိုင်းတွင် တိုက်ပွဲများ ၅ ရက်ဆက်တိုက် ပြင်းထန်နေသည်။

အဆိုပါတိုက်ပွဲသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ် စစ်ကြောင်းမှာ တီးတိန်မြို့နှင့် မိုင် ၂၀ အကွာအဝေးသို့ ရောက်ရှိလာပြီဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ တက်လာသည့် အဆိုပါစစ်ကြောင်းတွင် အင်အား ၃၀၀ ခန့် ပါဝင်နေပြီး ၎င်းတို့အနက် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကြောင်းများလည်း ပူးပေါင်းပါဝင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

တိုက်ပွဲပြင်းထန်နေမှုနှင့် ပတ်သက်၍ ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကလည်း နှစ်ဖက်လုံးများတယ်။ အခုက ဒီစစ်ကြောင်းကို မရရအောင် ရှေ့ဆက်မရအောင် တားထားရတယ်။ မတား နိုင်ဘူး ဆိုရင်တော့ အတော် ခက်သွားမယ်။ ဖလမ်းကလည်း မရတော့ဘူး။ အခုက ဖလမ်း-ဟားခါးလမ်းပိုင်းကို ဆက်ထိန်းချုပ်ဖို့ ထိုးတာတာ ဟု ပြောသည်။

စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ထိန်းချုပ်ထားသည့် တီးတိန်မြို့ကို အင်အားဖြည့်တင်းရန်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ရိခေါဒါရ်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် ရည်ရွယ်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက ခန့်မှန်းထားသည်။ 

လက်ရှိတွင် တော်လှန်ရေးအဖွဲ့များက အာလွယ်ကျေးရွာအနီးမှ ဟန့်တားထားသဖြင့် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများ သုံးစွဲကာ အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက အင်အားကတော့ ဒီဘကက်လာတာ ၃၀၀ လောက်ရှိ မယ်။ ဖလမ်းကနေ ပြန်ခေါက်လာတာက ၂၀၀ လောက်ရှိမယ်။ ဆိုတော့ တော်တော်များတယ်။ စစ်တပ် စစ်ကြောင်းကို ချင်းညီနောင် (CB) ပေါ့၊ ချင်းကောင်စီ၊ ချင်းတော်လှန်ရေးအင်အားစုတွေ ပေါင်းပြီး တိုက်နေ တာပါ ဟု ပြောသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသကဲ့သို့ တီးတိန်မြို့ပေါ်၌ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် မြို့ခံများသည် ဧပြီလကုန်ပိုင်းကတည်းက ရိခေါဒါရ်နှင့် ကလေးမြို့ဘက်များသို့ ကြိုတင် တိမ်းရှောင်နေကြရသည်။

ချင်းပြည် အတွင်း၌ လက်ရှိတွင် ချင်းညီနောင်အဖွဲ့များက မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို ထိန်းချုပ် ထားသော်လည်း စစ်တပ်က ဖလမ်း၊ ဟားခါးနှင့် တီးတိန်မြို့တို့ကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ 

ထို့ကြောင့် တီးတိန်မြို့သို့ ဦးတည်လာသည့် ယခုစစ်ကြောင်းကို မတားဆီးနိုင်ပါက တော်လှန်ရေး အင်အားစုများ အတွက် မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ပိုမိုခက်ခဲသွားနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။