တရုတ်ခရီးသွား လျော့နည်းသော်လည်း ဂျပန်ခရီးသွားလုပ်ငန်း စံချိန်တင်တိုးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်။

ဂျပန်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် တရုတ်နိုင်ငံသား ခရီးသွားဦးရေ သိသိသာသာ လျော့ကျသွားခဲ့သော်လည်း အခြားနိုင်ငံစုံမှ ခရီးသွားများ စံချိန်တင် ဝင်ရောက်လာမှုကြောင့် မျှော်လင့်ထားသည်ထက် ပိုမိုခိုင်မာစွာဖြင့် စံချိန်တင် တိုးတက်လျက်ရှိကြောင်း သိရသည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ ( ) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း၌တင် ပတ်စပို့ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားခရီးသွား ၁၀ သန်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က တစ်နှစ်လုံး ခရီးသွားဦးရေ ၃၁ သန်းကျော် ရှိခဲ့ရာမှ၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ခရီးသွားဦးရေ ၄၂ သန်းကျော်အထိ စံချိန်တင် မကြုံစဖူး တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ယခုအခြေအနေတွင် အဓိကထူးခြားချက်မှာ အရင်က ဂျပန်နိုင်ငံတွင် အသုံးအဖြန်းအများဆုံးဖြစ်သည့် တရုတ်ခရီးသွားဦးရေသည် နှစ်နိုင်ငံ နိုင်ငံရေး တင်းမာမှုများကြောင့် ယခင်နှစ်ကထက် ၅၅ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဂျပန်အစိုးရ၏ သုံးသပ်ချက်အရ ယခုအချက်သည် ခရီးသွားလုပ်ငန်းကို အဟန့်အတားမဖြစ်စေဘဲ ပိုမိုကောင်းမွန်သည့် ခရီးသွားဈေးကွက်ပုံစံ ဖြန့်ကျက်ခြင်း (Diversification) ကို ဦးတည်သွားစေခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ယခင်က လာရောက်လေ့ရှိသည့် တရုတ်ခရီးသွားအဖွဲ့ကြီးများ (Tour Groups) ၏ နေရာတွင် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အမေရိကန်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်ပိုင်ခရီးသွားလာသူများက အစားထိုး ဝင်ရောက်လာနေသည်။

စီးပွားရေးလေ့လာဆန်းစစ်သူများ၏ အဆိုအရ အရင်က တရုတ်ခရီးသွားအဖွဲ့ကြီးများသည် တရုတ်ပိုင်လေကြောင်းလိုင်း၊ တရုတ်ပိုင်ဟိုတယ်နှင့် စားသောက်ဆိုင်များကိုသာ အဓိကရွေးချယ်အသုံးပြုကြသဖြင့် ဂျပန်ဒေသခံစီးပွားရေးအတွက် တိုက်ရိုက်အကျိုးအမြတ် နည်းပါးသည်။ 

သို့သော်လည်း အခုအခါတွင်မူ နိုင်ငံစုံမှ ခရီးသွားများသည် ဂျပန်ဒေသခံလုပ်ငန်းများအပေါ် တိုက်ရိုက်ပိုမို သုံးစွဲလာကြသည်။ 

ထို့ကြောင့် ခရီးသွားကဏ္ဍမှ ရရှိသည့် ဝင်ငွေသည် ဂျပန်နိုင်ငံ GDP ၏ ၆ ရာခိုင်နှုန်းအထိ (သုံးဆနီးပါး) ခုန်တက်သွားခဲ့သည်။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဥရောပဘက်သို့ သွားရောက်ရန် လမ်းကြောင်းခက်ခဲသွားသည့် အာရှနှင့် အိုရှန်းနီးယားဒေသက ခရီးသွားများသည်လည်း ပိုမိုဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုအဆင့်အတန်းမြင့်မားသည့် ဂျပန်နိုင်ငံကို ပိုမိုရွေးချယ်လာကြသည်ဟု သုံးသပ်ထားကြသည်။