ရိက္ခာနှင့် ငွေဝင်လမ်း ဖြတ်တောက်ခံထားရ၍ ကရင်နီပြည် အငတ်ဘေး ဆိုက်နိုင်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။
စစ်တပ်က ဝင်ငွေနှင့် ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်နေ၍ လာမည့်နှစ်များအတွင်း ကရင်နီပြည်တပြည်လုံး ငတ်မွတ်မှုဘေး ကြုံရနိုင်ဟု KnHRG သတိပေးလိုက်သည်။
စစ်တပ်က ရိက္ခာနှင့် ဝင်ငွေလမ်းကြောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် လာမည့် တစ်နှစ်၊ နှစ်နှစ် အတွင်း ဒေသအခြေပြု အစားထိုးစီးပွားရေး လုပ်ငန်းများ မဖန်တီးနိုင်ပါက ကရင်နီတစ်ပြည်နယ်လုံး ငတ်မွတ်မှု ဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က သတိပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ ကရင်နီပြည်၏ လူမှုစီးပွားအခြေအနေများမှာ တိုးတက်လာခြင်းမရှိဘဲ ပိုမိုကြပ်တည်းလာသော စားဝတ်နေရေး အခက်အခဲများကို လူထုက ဆက်လက်ရင်ဆိုင်နေရကြောင်း မေလ ၁၄ ရက်နေ့တွင် KnHRG က ထုတ်ပြန်ထားသည်။
KnHRG ၏ ဒါရိုက်တာဖြစ်သူ မမေက “စစ်ကောင်စီဘက်ကနေ ဝင်ငွေရ လမ်းကြောင်းတွေကို ဆက်ပြီးတော့ တိုက်ခိုက်နေမယ်။ နောက် ဒီပြည်နယ်ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှု ပြန်ပြီးတော့ လုပ်ဆောင်ဖို့လည်း လိုအပ် နေ တယ်။ တကယ်ဒေသနဲ့ ကိုက်ညီတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တကယ်လူထုတွေအတွက် အကျိုးဖြစ်မယ့် ဟာတွေကိုပါ ဖန်တီးပေးပြီးတော့ စစ်ရှောင်လူထုတွေအတွက် လုပ်ဖို့လိုအပ်နေတယ်။ တကယ်လို့သာ ကျမတို့ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မလုပ်နိုင်ဘူး နောက်ပြီး စစ်အခြေအနေကလည်း ဒီအတိုင်းပဲ ဆက်သွားဦးမယ် ဆိုလို့ရှိရင်တော့ ငတ်မွတ်ဘေး တကယ်ကြုံတွေ့လာနိုင်တယ်ပေါ့နော်” ဟု ပြောသည်။
စစ်တပ်သည် ကရင်နီပြည်သူလူထု၏ အဓိက စိုက်ပျိုးရာဒေသများနှင့် ဝင်ငွေရလမ်းကြောင်းဖြစ်သည့် မော်ချီး နှင့် ဖားဆောင်းမြို့နယ်ဘက်မှ ခဲလုပ်ငန်းများကို ပစ်မှတ်ထားကာ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် ကရင်နီပြည်အတွင်းသို့ တင်သွင်းမည့် ကုန်ပစ္စည်းများကို စစ်တပ်က လမ်းခရီးတစ်လျှောက် တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ဆေးဝါးနှင့် စားနပ်ရိက္ခာများမှာ အကန့်အသတ်ဖြင့်သာ ဝင်ရောက်နိုင်တော့သဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုမှာ ယခင်နှစ်များကထက် ပိုမိုဆိုးရွားလာနေသည်ဟု ဆိုသည်။
အလားတူ ယခုနောက်ပိုင်းတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများမှာလည်း ထောက်ပံ့မှု အားနည်းလာသည်ဟု စစ်ရှောင်များက ပြောသည်။သည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အခုက ကုန်ဈေးနှုန်းတွေတက် လိုအပ် တာက အစားအသောက် စားနပ်ရိက္ခာပေါ့။ ပြီးတော့ မိုးကာနော်။ တဲတွေ တော်တော်လေး မိုးယိုကုန်ပြီ။ အဓိကကတော့ စားနပ်ရိက္ခာပဲ စားနပ်ရိက္ခာက အခု အရမ်းခက်ခဲနေတယ်” ဟု ပြောသည်။
ဝင်ငွေမရှိဘဲ ကုန်ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်နေရသည့် စစ်ဘေးရှောင် ပြည်သူများ၏ စားဝတ်နေရေး ဖြေရှင်းနေရသည့် ပုံစံနှင့် ပတ်သက်၍လည်း KnHRG ဒါရိုက်တာ မမေက ဆက်လက် ရှင်းပြသည်။
“အခုဆိုလို့ရှိရင် ရိက္ခာပြတ်လပ်တဲ့ နေရာမျိုးတွေ ရှိလာပြီ။ တချို့နေရာ စစ်ရှောင်တွေကတော့ တနေ့စာ တနေ့ စားဖို့အတွက် အလုပ်တွေကို ရှာပြီးတော့ ဖြေရှင်းတဲ့ဟာမျိုး၊ တချို့မိသားစုတွေက အလုပ်မရှိတဲ့အတွက် ကြောင့် ချေးပြီးတော့ သူ့မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ဟာမျိုးလုပ်တယ်။ တချို့ကတော့ ရှိတဲ့ ရိက္ခာလေးကို မိသားစုအတွက် လောက်အောင် စီမံခန့်ခွဲပြီးတော့ စားသောက်နေရတယ်ပေါ့နော်။ ဥပမာ – အရင်တုန်းက သုံးနပ်စားတယ် ဆိုလို့ရှိရင်တော့ နှစ်နပ်နဲ့ စားတဲ့ဟာမျိုး၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဆန်ပြုတ် ပြုတ်ပြီးတော့ စားတဲ့ဟာမျိုးကို ကျမတို့ လက်ရှိမြေပြင်မှာ တွေ့ရှိနေရတယ်ပေါ့နော်။”
ထို့ပြင် စစ်ဘေးရှောင်များသာမက ဒေသခံပြည်သူများသည်လည်း မိသားစု စားဝတ်နေရေး ရုန်းကန်ရန်အတွက် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံ၊ မြေများကိုပါ ထုတ်ရောင်းပြီး ဖြေရှင်းနေကြရကြောင်း ဆိုသည်။
ကရင်နီပြည်တွင် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း ဖယ်ခုံ၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ စစ်ဘေးရှောင်နှင့် ဒေသခံ စုစုပေါင်း ၃,၀၀၀ ဝန်းကျင်ခန့်မှာ စစ်တပ်၏ ထိုးစစ်များကြောင့် အရေးပေါ် ထပ်မံရွှေ့ပြောင်းခဲ့ရသည်။
စစ်တပ်၏ နယ်မြေပြန်လည်စိုးမိုးရေး စစ်ကြောင်းထိုးမှုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ပြည်သူများ မှာ ထပ်ခါတလဲလဲ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေရာ အတည်တကျ မရှိဘဲ ကိုယ်ထူကိုယ်ထ စိုက်ပျိုးစား သောက်ရန်ပင် ခက်ခဲနေခြင်း ဖြစ်သည်။
လက်ရှိတွင် KnHRG အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများက ဒေသခံများအတွက် ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖန်တီးပေးရန် စီစဉ်နေသော်လည်း စစ်တပ်၏ အဆက်မပြတ် လှည့်လည် နေသော စစ်ကြောင်းများနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် မြေပြင်တွင် စီမံကိန်းများ ဖော်ဆောင်ရာ၌ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။
ဓာတ်ပုံ – CTER-Karenni