ဧဝရတ်တောင်ထိပ်သို့ တစ်ရက်တည်း လူဦးရေ  ၂၇၄ ဦး စံချိန်တင် တက်ရောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်။ 

နီပေါနိုင်ငံဘက်ခြမ်းမှတစ်ဆင့် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ တစ်ရက်တည်းဖြင့် တောင်တက်သမား စုစုပေါင်း (၂၇၄) ဦးအထိ တက်ရောက်နိုင်ခဲ့သဖြင့် သမိုင်းတလျှောက် လူအများဆုံး တက်ရောက်နိုင်ခဲ့သည့် စံချိန်သစ်တစ်ရပ် တင်ရှိသွားခဲ့သည်။ 

ယခုနှစ် နွေဦးတောင်တက်ရာသီတွင် တောင်တက်လမ်းကြောင်း၌ ရေခဲတုံးကြီးတစ်ခု ပိတ်ဆို့နေခဲ့ခြင်းကြောင့် ခရီးစဉ်များစတင်ရန် နှောင့်နှေးကြန့်ကြာခဲ့ရသည်။ 

သို့သော်လည်း မေလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ရာသီဥတုအခြေအနေ ကောင်းမွန်လာမှုကို အခွင့်ကောင်းယူကာ တောင်တက်သမားများသည် ဒေသစံတော်ချိန် နံနက် ၃ နာရီမှ စတင်၍ ၁၁ နာရီကြာ တောင်ထိပ်သို့ အပြိုင်အဆိုင် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု နီပေါခရီးသွားလာရေး ဌာနက ပြောကြားခဲ့သည်။ 

ယခုစံချိန်သည် လွန်ခဲ့သည့် ၇ နှစ် ၂၀၁၉ ခုနှစ် မေလ ၂၂ ရက်နေ့က တောင်ဘက်ခြမ်းမှ ၂၂၃ ဦး တက်ရောက်ခဲ့သည့် စံချိန်ဟောင်းကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်တွင် တောင်တက်ခွင့်ပါမစ်ကြေးကို မူလ ၁၁,၀၀၀ ဒေါ်လာမှ ၁၅,၀၀၀ ဒေါ်လာအထိ တိုးမြှင့်ကောက်ခံခဲ့သော်လည်း ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုသည် လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာခဲ့သည်။ 

ထို့ကြောင့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၀၀၀ ကျော်ရှိ အောက်ဆီဂျင် အလွန်နည်းပါးလှသည့် “သေမင်းတမန်ဇုန် (Death Zone)” ဟု ခေါ်ဆိုသော နေရာတွင် တောင်တက်သမားများ တန်းစီစောင့်ဆိုင်းနေရသည့် ပုံရိပ်များ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့ပြီး၊ ကျွမ်းကျင်သူများက လူဦးရေ ကျပ်ညပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍ သတိပေးထားကြသည်။

အဆိုပါ တောင်တက်ရာသီအတွင်း ထူးခြားသည့် စံချိန်သစ်များလည်း ပေါ်ထွက်ခဲ့သည်။  

အသက် ၅၆ နှစ်အရွယ် နီပေါတောင်တက်လမ်းပြ ကာမီရီတာရှာပါ (Kami Rita Sherpa) သည် ဧဝရတ်တောင်သို့ ၃၂ ကြိမ်မြောက်အဖြစ် တက်ရောက်ကာ ၎င်း၏ ကမ္ဘာ့စံချိန်ဟောင်းကို ထပ်မံချိုးဖျက်ခဲ့သည်။ 

ထို့အပြင် အသက် ၃၄ နှစ်အရွယ် ရုရှားနိုင်ငံသား ခြေနှစ်ဖက်ပြတ်နေသူ ရုစတန် နာဘီယက်ဗ် (Rustam Nabiev) ကလည်း ခြေတုအသုံးမပြုဘဲ လက်နှစ်ဖက်ဖြင့် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။