KNU ထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ပေါ်ကို လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသမီး ၃ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားသည့် ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံ မြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က လေကြောင်းမှ ကျိုက်ဒုံမြို့အဝင် တံတားအနီးရှိ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးသီးများသည် မြို့အဝင် ဘုရားတောင်ဘက်ခြမ်းရှိ စားသောက်ဆိုင် တန်းများနှင့် လူနေအိမ်များပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး၊ လူနေအိမ်နှင့် အဆောက်အအုံ ၃ လုံး ထက်မနည်း ပြာကျပျက်စီးခဲ့ရသည်။
ကျိုက်ဒုံမြို့ခံတစ်ဦးက “လေယာဉ်က ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသဘက်ကို သွားပြီးမှ ကျိုက်ဒုံဘက်ကို ချက်ချင်း ပြန်လှည့်လာပြီး ဗုံးလာကြဲတာ။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ သူတို့ လာပစ်တဲ့နေရာမှာ ဘယ်တော် လှန်ရေးရဲဘော်မှလည်း မရှိဘူး။ အရပ်သားပြည်သူတွေချည်းပဲ နေတဲ့နေရာ။ အခု ထိခိုက်သေဆုံးသွားတဲ့ သူတွေကလည်း အပြစ်မဲ့လူထုတွေချည်းပဲ” ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် ပြင်းထန်ဒဏ်ရာရရှိထားသည့် သူကို ဒေသခံ လူမှုကူညီ ရေးအသင်းများက အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးထားရသည်။
ကရင်ဘက်က လာသည့်သတင်းများအရ ကျိုက်ဒုံဒေသသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လက်အောက်သို့ ကျရောက်ပြီးကတည်းက စစ်တပ်သည် မြေပြင်စစ်ကြောင်းများ ပြန်လည်ထိုးစစ် မဆင်နိုင်တော့ဘဲ နယ်စပ် ဘက်သို့ ဦးတည်ပျံသန်းသည့် စစ်ဆင်ရေးလေယာဉ်များကို အသုံးပြုကာ အရပ်သားပစ်မှတ်များကို တန်ပြန် ဗုံးကြဲလေ့ရှိသည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်တပ်က စစ်ရေးနှင့်မသက်ဆိုင်သည့် ကျိုက်ဒုံမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများနှင့် စားသောက်ဆိုင် တန်းများသို့ လေကြောင်းမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ အချိန်မရွေး လေကြောင်းရန် ထပ်မံကြုံတွေ့ရနိုင်သဖြင့် ဘေးလွတ်ရာ တောတောင်များနှင့် နယ်စပ်အနီး ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။