လောင်းလုံးတွင် စစ်ကောင်စီတပ်က ရွာကိုမီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က စစ်ပြဲကျေးရွာရှိ ပြည်သူ့နေအိမ်များနှင့် စပါးကျီများကို မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇွန်လ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား မွန်းလွဲ ၂ နာရီခွဲခန့်မှ ညနေ ၆ နာရီကျော်အထိ ၄ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ပြဲကျေးရွာအရှေ့ပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညပိုင်းတွင် ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် စစ်ပြဲရွာသားတစ်ဦးက “မီးရှို့ခံလိုက်ရတာက အရှေ့ပိုင်းအောက်လမ်းမမှာက လေးဆောင်နဲ့ မိန်းလမ်းကြီးနားက အိမ်လေးဆောင်အပြင် စပါးတင်းတစ်ထောင်ဝန်းကျင်လောက် သိုလှောင် ထားတဲ့ စပါးကျီ နှစ်ခုလည်း မီးလောင်ပျက်စီးသွားတယ်” ဟု ပြောသည်။
ထို့ပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် စစ်ပြဲကျေးရွာက ဘုန်းကြီးကျောင်း အတွင်းရှိ တန်ဆောင်းများလည်း ထိခိုက်ပျက်စီးသွားခဲ့ရသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “အခုတော့ အားလုံးက အဝတ်တစ်ထည်ကိုယ်ခုန်နဲ့ ပြေးခဲ့ရတာ။ အိမ်က လည်း ပြာကျသွားပြီဆိုတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ ဖြစ်သလို နေနေကြရ တယ်” ဟု ပြောသည်။
လောင်းလုံးမြို့နယ် တောင်ဘက်ပိုင်းတွင် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှ စတင်ကာ စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့တို့ အကြား စစ်ရေးတင်းမာမှုများ ဆက်တိုက်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ပြဲကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ရွာသားထောင်နှင့်ချီကာ ၎င်းတို့၏ လယ်ယာ၊ ဥယျာဉ်ခြံလုပ်ငန်းများနှင့် ကိုယ်ပိုင်လုပ်ငန်း များကို စွန့်လွှတ်၍ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။