ဥရောပ အပူလှိုင်းကြောင့် ပြင်သစ်တွင် သေဆုံးသူ ၄၀ ကျော်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်။ 

ဥရောပတိုက်တစ်ခွင်တွင် အပူချိန်များ သမိုင်းတင်စံချိန်တင် မြင့်တက်နေပြီး ပြင်းထန်သည့် “အပူလွန်ကဲ သတိပေးချက်” (Red Alert) များကို နိုင်ငံအလိုက် ထုတ်ပြန်ထားရသည်။ 

ပြင်သစ်နိုင်ငံတွင် မှတ်တမ်းတင်ထားသမျှအနက် အပူဆုံးအဖြစ် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့သည်။ 

ပြင်သစ်နိုင်ငံ၌ အပူရှိန်ပြင်းထန်မှုကြောင့် အပူဒဏ်ရှောင်ရန် အစောင့်အရှောက်မရှိသည့် မြစ်ချောင်းများအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးသူ အနည်းဆုံး ၄၀ ဦးအထိ ရှိလာခဲ့ကြောင်း ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံ နယ်မြေထက်ဝက်ကျော်အပါအဝင် ပါရီမြို့တော်တွင်ပါ အပူလွန်ကဲမှု အန္တရာယ်အမြင့်ဆုံး (Red Alert) သတိပေးချက် ထုတ်ပြန်ထားရသဖြင့် အီဖယ်လ်တာဝါနှင့် လူဗာပြတိုက်တို့ကိုပါ အချိန်စော၍ ပိတ်ပစ်ခဲ့ရသည်။

အလားတူ စပိန်နိုင်ငံတွင်လည်း အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိလာနိုင်သဖြင့် နိုင်ငံလုံးဆိုင်ရာ အပူလွန်သတိပေးချက် ထုတ်ပြန်ထားရသည်။ 

အီတလီနိုင်ငံတွင်မူ ရောမနှင့် မီလန်အပါအဝင် မြို့ကြီး ၁၅ မြို့၌ အပူလှိုင်းအန္တရာယ် အမြင့်ဆုံးအဆင့် သတ်မှတ်ထားရသည်။ 

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် နေပူထဲတွင် အလုပ်လုပ်ရသည့် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးအလုပ်သမားများကို အပူဆုံးအချိန်များ၌ အလုပ်မလုပ်စေဘဲ ကာကွယ်ပေးရန် အရေးပေါ်အလုပ်သမားဥပဒေများကို ပြန်လည်ကျင့်သုံးနေရသည်။ 

ထို့အပြင်၊ ပြည်သူများကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် အိမ်ကနေပဲ အလုပ်လုပ်ကြရန် (Work from Home) တိုက်တွန်းထားသည်။

Photo:Reuters