အာဖရိကတွင် ရှားပါး သတ္တုတူးဖော်ရေး အမေရိကန် ကုမ္ပဏီ လုပ်ပိုင်ခွင့်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်။ 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အတွင်း အရေးကြီးသတ္တု တူးဖော်ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို စိန်ခေါ်သည့်အနေဖြင့် အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် Virtus Minerals ကုမ္ပဏီက ကိုဘော့နှင့် ကြေးနီမိုင်းများကို ဝယ်ယူရရှိခဲ့သည်။

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် Virtus Minerals သည် ကွန်ဂိုနိုင်ငံရှိ ကြေးနီ-ကိုဘော့မိုင်းနှစ်ခုကို အမေရိကန်အစိုးရ၏ ပံ့ပိုးမှု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုလုပ်ငန်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက အစိုးရအနေဖြင့် သတ္တုကုမ္ပဏီများကို အကူအညီပေးသွားမည်ဟု သတ်မှတ်ပြီး ဝါရှင်တန်သဘောတူညီချက် (Washington Accord) ကို ချမှတ်ခဲ့သည်။ 

ယင်းနောက်ပိုင်း ကွန်ဂိုနိုင်ငံတွင်း အမေရိကန်၏ ပထမဦးဆုံးသော အဓိက အရေးကြီးတွင်းထွက်သတ္တု ရယူနိုင်မှု ဖြစ်လာသည်။ 

လက်ရှိတွင် ကွန်ဂိုနိုင်ငံ၏ ကိုဘော့နှင့် ကြေးနီထုတ်လုပ်မှု ၇၂ ရာခိုင်နှုန်းခန့်ကို တရုတ်ကုမ္ပဏီများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဝယ်ယူလိုက်သည့် မိုင်းများသည် အပြည့်အဝလည်ပတ်နိုင်ပါက တစ်နှစ်လျှင် ကြေးနီတန်ချိန် ၇၅,၀၀၀ နှင့် ကိုဘော့တန်ချိန် ၂၅,၀၀၀ အထိ ထွက်ရှိမည်ဖြစ်ပြီး မူတိုရှီ (Mutoshi) မိုင်းတစ်ခုတည်းမှတင် ကမ္ဘာ့ကိုဘော့ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ 

တူးဖော်ရရှိမည့် သတ္တုများကို အမေရိကန်အစိုးရက ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည့် လူဘီတိုစင်္ကြံ (Lobito Corridor) မီးရထားလမ်းမှတစ်ဆင့် အင်ဂိုလာနိုင်ငံရှိ ဆိပ်ကမ်းသို့ ပို့ဆောင်ကာ အနောက်အုပ်စုနိုင်ငံများသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်သည်။