ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာတစ်ရွာကို စစ်တပ် ဒရုန်းဖြင့်ဗုံးကြဲ၍ ကလေးငယ်နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ (IEC) နှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အဆိုပါ လီဝိုးကျေးရွာအတွင်းသို့ ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်ဝန်းကျင် အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ 

အသက် ၆ နှစ်ဝန်းကျင် အရွယ် ကလေးငယ်တစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသရန် ခေါ်ဆောင်သွားစဉ် လမ်း၌ ထပ်မံသေဆုံးသွားခဲ့ရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က အတည်ပြု ပြောသည်။

နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွာထဲကို ဒရုန်းဝဲလာလို့ ကျောင်းက ဆရာမ တွေက ကလေးတွေကို အိမ်အမြန်ပြန်လွှတ်လိုက်တာပါ။ ကလေးတွေ ရွာထဲ ပြန်ရောက်တော့ ပထမ ဗုံးတစ် လုံး စချတယ်။” ဟု ပြောသည်။ သူက  “ဒုတိယတစ်လုံးကလည်း သိပ်မဝေးတဲ့နေရာမှာ ကျလာတော့ ကလေးတွေရဲ့ အဖိုးဖြစ်သူက ပုန်းနေဖို့ဆိုပြီး အပင်အောက်ကို ပြေးခိုင်းတာ။ ကလေးတွေ အဲဒီအပင်အောက်လည်း ရောက်ရော ဒရုန်းက အဲဒီအပင်တည့်တည့်ကိုပဲ ပစ်မှတ်ထားပြီး ထပ်ကြဲချသွားတာဗျာ။ သစ်ပင်ကို ထိမှန်ပြီး အောက်က ကလေး နှစ်ယောက်လုံး ဗုံးစတွေ စင်ကုန်တာ ဟု ပြောသည်။

အဆိုပါ လီဝိုးကျေးရွာရှိ မူကြိုစာသင်ကျောင်းအနီးတွင် စစ်တပ်က ပထမဆုံးအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်သော်လည်း၊ ရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း မရှိဘဲ အရပ်သားများသာ နေထိုင်သည့် ကျေးရွာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်တပ်သည် ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့မှတစ်ဆင့် စစ်ကြောင်း ၂ ခုခွဲကာ နန်းမယ်ခုံမြို့ဘက်သို့ စစ်ကြောင်း ထိုးရန် ကြိုးပမ်းနေပြီး၊ တော်လှန်ရေးတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့အထွက်တွင် ပိတ်မိနေစဉ် အတွင်း ယခုကဲ့သို့ အရပ်သားကျေးရွာများကို ဒရုန်းများဖြင့် ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဝင်တစ်ဦးက အဲဒီနေရာမှာ တိုက်ပွဲလည်း မရှိဘူး။ စခန်းတွေလည်း မရှိဘူး။ ပြောရမယ်ဆိုရင် ရဲဘော်တွေလည်း တစ်ယောက်မှ မရှိဘူးဗျ။ စစ်ရှောင်တွေ ကလေးတွေ နေတဲ့နေရာ ပါ။ အခုက တမင်လာပစ်သွားတာပါ။ အပြစ်မဲ့ကလေးတွေ ထိကုန်တာဗျ။ ကလေးတွေ ပုန်းနေတဲ့နေရာက အပင်ပေါ်မှာ ကျတော့ အောက်က ကလေးတွေ ထိကုန်တာ။ ကလေးတစ်ယောက်ကတော့ ပွဲချင်းပဲဗျာ ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း နန်းမယ်ခုံမြို့အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ သဖြင့် အရပ်သားအမျိုးသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ယခု ၂၀၂၆ ခုနှစ်အတွင်း ကရင်နီဒေသ၌ စစ်တပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၈၀ ဦးကျော် ပြင်းထန်စွာ ဒဏ်ရာရရှိထား သိရသည်။