အမေရိကန်သမ္မတ၏ စစ်ရေးဆုံးဖြတ်ပိုင်ခွင့်ကို တားဆီးရန် အထက်လွှတ်တော် ဥပဒေကြမ်း အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
အီရန်နိုင်ငံအပေါ် အမေရိကန်၏ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို ဟန့်တားပိတ်ဆို့ရန် ကြိုးပမ်းသည့် စစ်တိုက်ခိုက်ခွင့်အာဏာဆိုင်ရာ ဆုံးဖြတ်ချက် (War Powers Resolution) ကို အမေရိကန် အထက်လွှတ်တော် (The Senate) က ပထမဦးဆုံးအကြိမ်အဖြစ် အတည်ပြုလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို အထက်လွှတ်တော်တွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၈ မဲဖြင့် ကပ်သီးကပ်သတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းသည် အထက်လွှတ်တော်အနေဖြင့် အဆိုပါစစ်ပွဲကို တားဆီးရန် ၁၀ ကြိမ်မြောက် ကြိုးပမ်းမှုအတွင်း ထူးခြားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန်အောက်လွှတ်တော် (The House of Representatives) ကမူ ၎င်းဆုံးဖြတ်ချက်မူကြမ်းကို ယခုလအစောပိုင်းကတည်းက အတည်ပြုထားခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် ယခုအတည်ပြုချက်သည် အထိမ်းအမှတ်သဘောသာဆောင်ပြီး တရားဝင်ဥပဒေကဲ့သို့ အာဏာသက်ရောက်မှု အပြည့်အဝရှိမည်မဟုတ်ပေ။
၎င်းကို ဥပဒေအဖြစ် တင်သွင်းလာပါက သမ္မတအနေဖြင့် ဗီတိုအာဏာ (Veto) ဖြင့် ပယ်ချခွင့်ရှိပြီး၊ သမ္မတက ပယ်ချသည့် မူကြမ်းအား ဥပဒေဖြစ်လာစေရန်ဆိုလျှင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးတွင် လွှတ်တော်အမတ်အင်အား ၃ ပုံ ၂ ပုံ၏ ထောက်ခံမဲ ရရှိရန် လိုအပ်မည်ဖြစ်သည်။
သို့သော်လည်း ယခုဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်စတင်ခဲ့သည့် အဆိုပါစစ်ပွဲအပေါ်တွင်လည်းကောင်း၊ စစ်ပွဲအဆုံးသတ်ရန် အီရန်နှင့် ထရမ့်ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အပေါ်တွင်လည်းကောင်း အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန် လွှတ်တော်အမတ်အချို့အကြား စိုးရိမ်ပူပန်မှုများ တိုးလာနေသည်ကို ပြသရာရောက်ကြောင်း သုံးသပ်မှုများ ရှိနေသည်။