ရွှေ့ပြောင်းလုပ်သားများအား ဆန့်ကျင် ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
တောင်အာဖရိကနိုင်ငံတွင် အင်္ဂါနေ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ နိုင်ငံအတွင်းမှ ထွက်ခွာရန် ဆန္ဒပြအဖွဲ့များက သတ်မှတ်ထားသည့် နောက်ဆုံးရက်နှင့် တိုက်ဆိုင်၍ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
ဆန္ဒပြပွဲ အများစုမှာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သော်လည်း အချို့ဒေသများတွင်မူ ရိုက်နှက်ခြင်းနှင့် ဆိုင်ခန်းများအား လုယက်ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါ ဆန္ဒပြပွဲများမတိုင်မီ ကတည်းကပင် အကြမ်းဖက်မှုဘေးကို စိုးရိမ်သဖြင့် အာဖရိကတိုက်အတွင်းရှိ အခြားနိုင်ငံသား ထောင်ပေါင်းများစွာမှာ တောင်အာဖရိကနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။
နိုင်ငံတွင်း ကျန်ရှိနေသည့် နိုင်ငံခြားသားများမှာလည်း နေအိမ်ပြင်ပသို့ မထွက်ရဲဘဲ ဆိုင်ခန်းများကို ပိတ်ထားခဲ့ကြရသည်။
လွန်ခဲ့သည့် လအနည်းငယ်ကတည်းက စတင်ခဲ့သည့် အဆိုပါ မတည်ငြိမ်မှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး၊ ထောင်နှင့်ချီသော နိုင်ငံခြားသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ဆန္ဒပြပွဲကို ဦးဆောင်သည့် အဖွဲ့က လာမည့် ၆ လအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းမှ မောင်းထုတ်ရန် အမျိုးသားအင်အားစုများကို အသုံးပြုသွားမည်ဟု ပြောကြားထားသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် အလုပ်လက်မဲ့ တောင်အာဖရိက နိုင်ငံသားများကမူ ရွှေ့ပြောင်းနေထိုင်သူများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးကာ စားဝတ်နေရေး ကျပ်တည်းရခြင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားကြသည်။
တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် စီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံ ဖြစ်သည့်အတွက် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၃ သန်းဝန်းကျင် (လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်) ရှိပြီး အနီးအနားရှိ ကွန်ဂို၊ မိုဇမ်ဘစ်၊ လီဆိုသိုနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ အများဆုံး လာရောက်လုပ်ကိုင်လျက်ရှိကြသည်။